ချင်းတိုင်းရင်းသားတွေကို တော်လှန်ရေးတပ်ဦးမှာပါဝင်နေသူတွေအဖြစ် NUG ယာယီသမ္မတဂုဏ်ပြု

ချင်းတိုင်းရင်းသားတွေဟာ နွေဦးတော်လှန်ရေးတပ်ဦးကနေ ဦးဆောင်ပါဝင်ပေးနေသူဖြစ်တယ်လို့ NUG ယာယီသမ္မတ ဒူဝါလရှိးလက ဂုဏ်ပြုလိုက်သလို ဆက်လက်ဦးဆောင်ပေးကြဖို့လည်း တဆက်တည်းတိုက် တွန်း ပါတယ်။

ဒီကနေ့ ဖေဖော်ဝါရီ(၂၀)ရက်မှာ ကျရောက်တဲ့(၇၅)နှစ်မြောက် စိန်ရတု ချင်းအမျိုးသားနေ့အတွက် မိန့်ခွန်းပြော ရာမှာ ယာယီသမ္မတက အဲ့ဒီလိုထည့်သွင်းပြောကြားခဲ့တာ ပါ။အမဲလိုက်တဲ့တူမီးသေနတ်တွေနဲ့ လက်နက် ကိုင်တော်လှန်ရေးကို အစောဆုံး စတင်ခဲ့တာကြောင့် ချင်းဒေသဟာတူမီးတော်လှန်ရေးဆို တဲ့စကားရပ် နဲ့ ယှဉ်တွဲဂုဏ်ပြုခံရလေ့ရှိပါတယ်။

ယာယီသမ္မတရဲ့ ဒီကနေ့မိန့်ခွန်းမှာလည်းအဲ့ဒီအကြောင်းကို ထည့်ပြောပြီး ဂုဏ်ပြုခဲ့ပါသေးတယ်။ မောင်းပြန် ကိုင်အာဏာသိမ်းစစ်တပ်ကိုအမဲလိုက်တူမီးတွေနဲ့တုံ့ပြန်တိုက်ခိုက်ပြီး တူမီးတော်လှန်ရေးစတင်နိုင်ခဲ့တာဟာ ချင်းတိုင်းရင်းသားတွေရဲ့ သူမတူတဲ့ ရဲစွမ်းသတ္တိကြောင့်ဖြစ်တယ်လို့သမ္မတဒူဝါလရှီးလကပြောပါတယ်။

“ဒါဟာ ချင်းလူမျိုးတွေရဲ့ တူမတူတဲ့ ရဲစွမ်းသတ္တိကြောင့်လို့ ပြောလို့ရပါတယ်၊အဲဒါထက် အရေးကြီးတာက ဘာလဲ ဆိုရင် ချင်းလူမျိုးတွေဟာ ဒီမိုကရေစီကို ဘယ်လောက်တောင် မြတ်နိုးတန်ဖိုးထားကြသလဲဆိုတဲ့ သက်သေ သာဓကဘဲ ဖြစ်ပါတယ်” လို့ သူကပြောပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ချင်းတိုင်းရင်းသားတွေရဲ့ အနစ်နာခံ ပေးဆပ် တိုက်ခိုက်နေမှုကြောင့် ချင်း ပြည်နယ်ရဲ့ နယ်မြေအားလုံး နီးပါးကို ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော် (CNF/CNA) နဲ့ CJDC ဦးဆောင်တဲ့ ချင်းပြည် ကာကွယ်ရေး တပ်ဖွဲ့ CDF တွေက ထိန်းချုပ်ထားတာကိုတွေ့ရတယ်လို့လည်း ယာယီ သမ္မက ပြောပါ တယ်။

 စစ်အာဏာရှင်ကို ဖြုတ်ချပြီး အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုသစ်ကို တည်ဆောက်ရာမှာ ချင်းအမျိုး သား ခေါင်းဆောင်တွေ လိုလားတဲ့ ကိုယ့်ပိုင်ပြဌာန်းခွင့် အပြည့်အဝရတဲ့ ချင်းပြည်ကိုရရှိမှာဖြစ်တယ်လို့လည်း ယာယီ သမ္မတဒူဝါလရှီးလကကတိပြုပါသေးတယ်။

 ချင်းတိုင်းရင်းသားတွေရဲ့ ရဲစွမ်းသတ္တိနဲ့ တိုက်ရည်ခိုက်ရည်တွေကြောင့် နယ်ချဲ့ အင်္ဂလိပ်တွေဟာ ချင်းတောင်ကို သိမ်းဖို့ အချိန်အများကြီး ယူခဲ့ရသလို ဖက်ဆစ်ဂျပန်တွေဝင်လာချိန်မှာလည်း ချင်းတိုင်းရင်းသားတွေက စတင် တော်လှန်တိုက်ခိုက်ခဲ့ကြပြီး အဲ့ဒီသမိုင်းကြောင်းကို ကျောင်းသင်ခန်းစာမှာ မသင်ရအောင် အာဏာရှင်တွေက တမင်ချန်လှပ်ထားခဲ့ကြတယ်လို့ သူကဆိုပါတယ်။

စိန်ရတုချင်းအမျိုးသားနေ့ကို ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီက အွန်လိုင်းကနေဦးဆောင်ကျင်းပခဲ့တာ ဖြစ်ပြီးချင်းတိုင်းရင်းသားခေါင်းဆောင်တွေနဲ့ NUG အစိုးရအဖွဲ့တာဝန်ရှိသူတွေလည်းတက် ရောက်ခဲ့ကြတယ် လို့သိရပါတယ်။