ပုလောက ကဒဲရွာကိုစစ်တပ်ကစီးနင်းပြီးနောက် သံဃာနှစ်ပါးအပါအဝင်လူဆယ်ချီကိုဖမ်းဆီးသွား

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်ထဲကို  စစ်ကောင်စီတပ်တွေက အခုရက်ပိုင်းအတွင်းမှာ အင်အားအလုံးအရင်းနဲ့စစ်ကြောင်းထိုးနေပြီး ကဒဲရွာကိုတော့ ဖေဖော်ဝါရီ ၁၆ ရက်နေ့က စီးနင်းတိုက်ခိုက်ခဲ့ကာ နေအိမ်အလုံး ၇၀ထက်မနည်းကို မီးရှို့သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

စစ်တပ်က ကဒဲရွာကိုစီးနင်းမှုမှာ အင်အားအလုံးအရင်းနဲ့ဝင်ရောက်စီးနင်းတာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်တွေလည်း ဆုတ်ခွာပေးခဲ့ရတယ်လို့ ဆိုပါတယ်။

“ကဒဲကို အင်အားအလုံးအရင်းနဲ့ သူတို့က စစ်ကြောင်းထိုးလာတာပေါ့နော်။အဲ့မှာမိုင်းကွင်းကိုဖြတ်ပြီး သူတို့က အသေခံပြီးတိုးလာတာ။ ကဒဲကိုသူတို့ဝင်ပြီး စီးမိသွားတာပေါ့နော်။

အဲ့တော့ PDFတွေက ဆုတ်ပေးလိုက်ရတာပေါ့နော်။ သူတို့စီးမိသွားတဲ့အချိန်မှာ ၁၆ရက်နေ့ နေ့ခင်းဘက်လောက်မှာ PDFတွေဝင်ထွက်သွားလာနေတဲ့ အိမ်တွေရော၊ဘုန်းကြီးကျောင်းတွေရောအကုန်လုံး သူတို့ကမီးနဲ့ရှို့သွားတာ”လို့ မြိတ်ခရိုင် ၊အမှတ် ၁တပ်ရင်းရဲ့ပြောရေးဆိုခွင့်ရှိသူ ဒေါ်စန်းစန်းထွေးကဆက်ပြောပါတယ်။

စစ်တပ်ထွက်ခွာချိန်မှာတော့ နေအိမ်တွေကို မီးရှို့ခဲ့တဲ့အပြင်သံဃာနှစ်ပါးနဲ့ဒေသခံအယောက် ၂၀ထက်မနည်းကိုဖမ်းဆီးသွားတယ်လို့ မြိတ်ခရိုင် ၊အမှတ် ၁တပ်ရင်းရဲ့ပြောရေးဆိုခွင့်ရှိသူ ဒေါ်စန်းစန်းထွေးကဆက်ပြောပါတယ်။

“မီးရှို့သွားပြီးမှ ရွာသားအယောက် ၂၀လောက်နဲ့ ဘုန်းကြီး နှစ်ပါးကို ဖမ်းခေါ်သွားတာ။အိမ်ခြေကတော့ ၇၀နီးပါးလောက်၊ခန့်မှန်းခြေပြောတာပေါ့။

စာရင်းအတိအကျကတော့ သူတို့ကို ကောက်ခိုင်းထားတုန်းရှိသေးတယ်”လို့ မြိတ်ခရိုင် ၊အမှတ် ၁တပ်ရင်းရဲ့ပြောရေးဆိုခွင့်ရှိသူ ဒေါ်စန်းစန်းထွေး ပြောပါတယ်။

လက်ရှိမှာတော့ နှစ်ဖက်ငြိမ်နေဆဲဖြစ်ပေမယ့် စစ်ကောင်စီတပ်တွေဟာ ဆင်ကန်းတောဘက်နဲ့ဒေသကာကွယ်ရေးအဖွဲ့တွေရဲ့စခန်းတွေကို မီးရှို့သွားတယ်လို့ ဆိုပါတယ်။

အခုလို စစ်ကောင်စီတပ်တွေက ပုလောမြို့တစ်နယ်လုံးကို တပ်ဖြန့်ထားတာကြောင့် ဒေသခံတွေအနေနဲ့ ကျေးရွာကိုမပြန်ရဲကြသေးဘူးလို့လည်း ဆိုပါတယ်။