ကင်းမှုးကိုပစ်သတ်ပြီးလက်နက်နဲ့ PDFထံခိုလှုံတဲ့ တပ်သားကို သိန်းငါးဆယ် ချီးမြှင့်မယ်လို့ဆို

ဖေဖော်ဝါရီ ၁၉

စစ်ကိုင်းတိုင်း၊ ကနီမြို့ပေါ်က မြန်မာ့စီးပွါးရေးဘဏ်မှာ အတူကင်းစောင့်တဲ့ ကင်းမှုးဖြစ်သူ ကို ဖေဖော်ဝါရီလ ၁၅ ရက်က ပစ်သတ်ပြီး PDFထံကို ထွက်ပြေးလာသူကို ကျပ်သိန်းငါးဆယ်ပေးအပ်ပြီး အခမ်းအနားနဲ့ ဆုချီးမြှင့်မယ်လို့ သိရပါတယ်။
“ကျွန်တော်တို့အဖွဲ့က ပေးမှာပါ သိန်းငါးဆယ်က။ ရက်ကတော့ အထက်ပိုင်းက စီစဉ်နေပါတယ်”လို့ အဲဒီတပ်သားကို လက်ခံခဲ့တဲ့ ကျောက်လုံးကြီးတပ်မဟာ တာဝန်ရှိသူက ပြောပါတယ်။
အခုထွက်ပြေးလာသူဟာ စစ်အာဏာသိမ်းပြီး ၂နှစ်ကျော်ကာလအတွင်း ကျောက်လုံးကြီးတပ်မဟာထံကို ခိုလှုံလာတဲ့ ခြောက်ယောက်မြောက်ဖြစ်ပြီး အရင်ငါးဦးကတော့ လက်နက်မပါလို့ ဆုကြေးချီးမြှင့်တာ မရှိခဲ့ဘူးလို့ ဆိုပါတယ်။
ထွက်ပြေးလာသူဟာ (၉၂၉) ထောက်ပို့တပ်ရင်းက တပ်သား မျိုးမြင့်၊ ကိုယ်ပိုင်အမှတ် တ(၅၇၀၄၅၇) ဟာ MA-1 သေနတ်တစ်လက်၊ ကျည်ဘောက်တစ်ခု၊ ကျည်ဆံ ၂၈ ဝောာင့်နဲ့အတူ ကျောက်လုံးကြီး(KLG )တပ်မဟာထံ အလင်းဝင်လာခဲ့တာ ဖြစ်ပါတယ်။
“ကင်းမှူးက မတရားအနိုင်ကျင့်လို့ သေနတ်နဲ့ ပစ်သတ်ထွက်ပြေးလာတာ။ မျိုးမြင့်က အငယ်ဆိုတော့ အထိုးခံရတယ်။ မတရားခိုင်းစေတယ်။ အဲ့တာကြောင့် ပစ်သတ်ခဲ့တာ။ ၁၆ရက်နေ့ တနေ့လုံး စစ်ကောင်စီဘက်က အသဲအသန် လိုက်ရှာတာ။ ကိုမျိုးမြင့်က၂ရက် ၂ည ထမင်းမစားရဘဲ ပုန်းနေခဲ့တာ။ ကျွန်တော်တို့ အဖွဲ့ဆီကို တာဝန်သိပြည်သူတစ်ဦးရဲ့ဆက်သွယ်ပေးမှုကြောင့် ၁၇ရက်နေ့ မနက်က ရောက်တယ်လို့ “ကျောက်လုံးကြီး PDF က တာဝန်ရှိသူ AT က DNA ကိုပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG က စစ်ကောင်စီကို စွန့်ခွါပြီး လက်နက်နဲ့တကွ ပြည်သူနဲ့ပူးပေါင်းမယ့် တပ်သားနဲ့ ရဲတွေကို ဆုငွေပေးမယ်လို့ ထုတ်ပြန်ထားသလို ထောင်နဲ့ချီတဲ့သူတွေ စစ်ကောင်စီကို စွန့်ခွါခဲ့ကြပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်သားတွေဟာ စစ်လေယာဉ်နဲ့ဆို ကျပ်သိနိးတသောင်း၊ စစ်လေယာဉ်၊ စစ်သင်္ဘောဖျကိဆီးပြီး ပူးပေါင်းမယ်ဆို ကျပ်သိန်းခြောက်ထောင်၊ ဆီလှောင်ကန်၊ လက်နက်စက်ရုံတွေ ဖျက်ဆီးနိုင်ရင် ဒါမှဟုတ် တင့်ကား၊ သံချပ်ကာကားတွေ ယူဆောင်လာရင် ကျပ်သိန်းနှစ်ထောင် ချီးမြှင့်မယ်လို့ ထုတ်ပြန်ထားပါတယ်။

Photo – ကျောက်လုံးကြီး PDF