တနင်္သာရီတိုင်း၊ဘုတ်ပြင်းမြို့နယ် ပြည်ကြီးမဏ္ဍိုင်မြို့မှာ ခရီးသည်တင်ကားတစီးပစ်ခတ်ခံရပြီး ခုနစ်နှစ် အရွယ်ကလေးတဦးနဲ့ အမျိုးသမီးတဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မြိတ်ဘက်ကနေ မောင်းလာတဲ့ ရွှေညီကိုခရီးသည်တင်ကားကို ဘုတ်ပြင်းမြို့နယ် မနိုးရုံကျေးရွာ အုပ်စု ခဲ ကျောင်းကျေးရွာအနီး ပြည်ထောင်စုလမ်းမကြီးပေါ်မှာ ဖေဖော်ဝါရီ ၁၇ ရက် ညနေ ၅ နာရီဝန်းကျင်က အမည် မသိအဖွဲ့တခုက လက်နက်ငယ်တွေနဲ့ပစ်ခတ်ခဲ့တာလို့သိရပါတယ်။
အဲ့ဒီလိုပစ်ခတ်ခံရတာကြောင့် ကားပေါ်မှာလိုက်လာတဲ့ အသက် ၂၁ နှစ်အရွယ် အမျိုးသမီးတဦးနဲ့ အသက် ၇ နှစ်အရွယ်ကလေးတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
“အဲကားက အလှူမင်္ဂလာပွဲတစ်ခုကို သွားတာ၊ လမ်းမှာ အပစ်ခံရတာ၊ သိရသလောက်တော့ အဖွဲ့တခုက သူတို့ စီးလာတဲ့ ကားကို လှမ်းတားတာ မရပ်လို့ ဆိုပြီး ပစ်လိုက်တာပဲ၊ နှစ်ယောက်သေတယ်၊ ကလေး တယောက်နဲ့ အမျိုးသမီးတစ်ယောက်ပါ၊ဆေးရုံတောင်မရောက်ဘူး သေသွားတယ်”လို့ ဒေသခံတဦးကDNA ကို ပြောပါတယ်။
သေဆုံးသွားတဲ့သူနှစ်ဦးဟာ အုတ်ဖိုမော်ရွာက ခုနစ် နှစ်အရွယ် မောင်ပြည့်ဖြိုးအောင်နဲ့ မိုင်းသွေးရွာက ၂၁ နှစ် အရွယ် အလှပြင်ဆရာမ မပြည့်ဝါဆိုတို့ဖြစ်ကြပြီး သူတို့က ကရသူရိမြို့က မင်္ဂလာဆောင်ပွဲကို လာရောက် ရာမှာ ပစ်သတ်ခံရတာဖြစ်တယ်လို့ ဆိုပါတယ်။
အရပ်သားနှစ်ဦးပစ်ခတ်ခံရမှုနဲ့ပတ်သက်ပြီး ဘုတ်ပြင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ကတော့ သူတို့နဲ့ လုံးဝပတ်သက် ဆက်နွယ်မှုမရှိဘူးလို့ ဒီကနေ့မှာ ထုတ်ပြန်ထားပါတယ်။ပစ်ခတ်ခံရတဲ့ ခရီးသည်တင်ကားဟာ စစ် ဆေးဖို့အတွက် ရပ်တန့်ခိုင်းတာကိုလက်မခံဘဲ မောင်းနှင်ထွက်ပြေးခဲ့တာကြောင့် ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ပြည် ကြီးမဏ္ဏိုင်မြို့ မနိုးရုံးကျေးရွာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က DVB သတင်းဌာနကို ဖြေဆိုထားပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး မနိုးရုံးကျေးရွာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်ကို DNA က ဆက်သွယ်ခဲ့ပေမယ့် ဆက် သွယ်လို့ မရခဲ့ပါဘူး။အခုဖြစ်စဉ်ဟာတနင်္သာရီတိုင်းမှာပြည်သူ့ကာကွယ်ရေးတပ်တွေက ပစ်ခတ်တာကြောင့် အရပ် သားတွေလိုက်ပါတဲ့ ခရီးသွားကားတွေ ထိမှန်ပြီး အရပ်သားသေဆုံးထိခိုက်မှုတွေရှိတဲ့ ဒုတိယမြောက်ဖြစ်စဉ် ဖြစ် လာပါတယ်။
အခုလပထမပတ်အတွင်းကလည်း တနင်္သာရီတိုင်း၊ရေဖြူမြို့နယ်မှာ ရေဖြူ PDF က စစ်ကောင်စီတွေအိမ်စီးကားနဲ့ လိုက်ပါလာကြမယ်ဆိုတဲ့ သတင်းအရ မိုင်းဆွဲတိုက်ခိုက်မှုလုပ်ရာမှာ ခရီးသွားကားကို မှားယွင်းမိုင်းဆွဲမိတာ ကြောင့် သံဃာတပါးနဲ့ အမျိုးသမီးတဦး သေဆုံးခဲ့ပါသေးတယ်။အဲ့ဒီဖြစ်စဉ်ကိုတော့ ရေဖြူ PDF က မှားယွင်း တိုက်ခိုက်မိတာဖြစ်ကြောင်းနဲ့ တောင်းပန်တဲ့အကြောင်း ပြန်လည်ထုတ်ပြန်ခဲ့ပါတယ်။
မွန်ပြည်နယ် ရေးမြို့နယ် လမိုင်းမြို့ ဘေးကလွဲကျေးရွာ ကြိုးတံတားချောင်းအနီးမှာလည်း မနေ့က အမျိုးသား တဦး မြေမြှပ်မိုင်းနင်းမိလို့ ခြေထောက်ပြတ်ရှဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မြေမြှပ်မိုင်းနင်းမိသူဟာ မော့ကနင်းကျေးရွာမှာနေထိုင်တဲ့ အသက် ၅၉ နှစ်အရွယ် နိုင်ညွှန့်ဝေဖြစ်ပြီး နေအိမ်ကနေ ပစ္စည်းသွားဝယ်ချိန် ဘေးကလွဲကျေးရွာ ကြိုးတံတားချောင်းအနီးအရောက်မှာ မြေမြှပ်မိုင်းနင်းမိခဲ့တာပါ။ မြေမြှပ်မိုင်းပေါက်ကွဲမှုကြောင့် နိုင်ညွှန့်ဝေရဲ့ ဘယ်ခြေထောက်ပြတ်ရှဒဏ်ရာ၊ ညာခြေထောက်၊ လက်နဲ့ ခန္ဓာ ကိုယ်တွေမှာ မိုင်းစထိမှန်ဒဏ်ရာတွေရရှိခဲ့တာကြောင့် လမိုင်းဆေးရုံကတဆင့် မော်လမြိုင်ပြည်သူ့ ဆေးရုံကြီးကို ပို့ဆောင်ထားပြီး ဆေးကုသမှု ခံယူနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။