စစ်ကောင်စီအဖွဲ့ဝင်အဖြစ်ပါဝင်ဖို့ငြင်းဆိုထားတဲ့ ဦးပူဂင့်ကမ်းလျန်နေရာမှာ ကြံခိုင်ရေးပါတီဝင်တဦး အစားထိုး ခန့်အပ်

သဘောတူညီချက်မပါဘဲ အာဏာသိမ်းစစ်ကောင်စီမှာ ကောင်စီဝင်အဖြစ် အမည်ဖော်ပြခံခဲ့ရတယ်လို့ ထုတ်ဖော် ပြောဆိုထားတဲ့ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အထွေထွေအတွင်းရေးမှူး ဦးပူဂင့်ကမ်းလျန်နေရာမှာ စစ်တပ် ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးပါတီရဲ့ ချင်းပြည်နယ်ဥက္ကဌဖြစ်သူကို အစားထိုးခန့်အပ်လိုက်ပါတယ်။
 
 အာဏာသိမ်းစစ်ကောင်စီဟာ ဦးပူဂင့်ကမ်းလျန်ကို ကောင်စီဝင်အဖြစ်ခန့်အပ်ကြောင်း ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်က ကြေညာခဲ့ပါတယ်။ အဲဒီလို ခန့်အပ်မယ့်အကြောင်း စစ်ကောင်စီက ကြိုတင်အကြောင်းကြားခဲ့ပေမယ့် လက်ခံခဲ့တာမရှိခဲ့ဘူးလို့ ဦးပူဂင်ကမ်းလျန်က မီဒီယာတွေကို ထုတ်ပြောခဲ့ပါတယ်။
 
 အဲဒီနောက် နှစ်ပတ်ကျော်အကြာ ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာတော့ ဦးပူဂင့်ကမ်းလျန်နေရာမှာ ချင်းပြည်နယ်ရဲ့ ပြည်ထောင်စုကြံခိုင်ရေးနဲ့ ဖွံဖြိုးရေးပါတီဥက္ကဌဖြစ်သူ ဒေါက်တာမှုထန်ကို အစားထိုးခန့်အပ်ကြောင်း စစ်ကောင်စီ  ထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်ရုပ်သံကနေ ကြေညာခဲ့တာပါ။
 
ဒေါက်တာမှုထန်ဟာ ချင်းပြည်နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌဖြစ်သလို၂၀၁၅ ရွေးကောက်ပွဲမှာ ထန်တလန်မြို့နယ် ပြည်နယ် လွှတ်တော်အမတ် အဖြစ် အနိုင်ရခဲ့တဲ့ အမတ်ဟောင်းတဦး လည်းဖြစ်ပါတယ်။ အာဏာသိမ်းပြီး နောက် ၂၀၂၁ခုနှစ်ဩဂုတ်လအတွင်း ထန်တလန်မြို့က ဒေါက်တာမှုထန်ရဲ့နေအိမ်မှာ ပေါက်ကွဲမှုဖြစ်ခဲ့သေးပေ မယ့် လူထိခိုက်မှုတော့မရှိခဲ့ပါဘူး။
 
အဲ့ဒီလို စစ်ကောင်စီအဖွဲ့ဝင်နေရာအစားထိုးခန့်အပ်လိုက်တဲ့အခြေအနေနဲ့ပတ်သက်လို့ ဦးပူဂင့်ကမ်းလျန်ကို DNA က ဆက် သွယ်မေးမြန်းပေမယ့်  “အဲဒါပြောလို့မရဘူး၊ခက်နေတာ ကျွန်တော့်အနေနဲ့ ပြောဖို့က”လို့ သူကပြောပါတယ်။
 
 အာဏာသိမ်းစစ်ကောင်စီဟာ ဦးပူဂင့်ကမ်းလျန်ကို ဖေဖော်ဝါရီလ ၁ ရက်ညနေငါးနာရီလောက်မှာ ဖုန်းဆက်ပြီး ကောင်စီဝင်အဖြစ်ခန့်မယ့်အကြောင်း ပြောလာတဲ့အခါ ဦးပူဂင့်ကမ်းလျန်က ကျန်းမာရေးအရ မဖြစ်နိုင်ကြောင်း၊ ပါ တီတွင်းမှာလည်း တာဝန်တွေ ရှိနေကြောင်း ပြောပြီး ငြင်းဆိုခဲ့ပေမယ့် ညပိုင်းသတင်းထုတ်ပြန်ချက်မှာ သူ့နာမည် ပါဝင်လာတာဖြစ်တယ်လို့ မီဒီယာတွေကို ထုတ်ပြောခဲ့ပါတယ်။
 
 အာဏာသိမ်းစစ်ကောင်စီဟာ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို သူတို့အဖွဲ့မှာပါဝင်ဖို့ အာဏာသိမ်းပြီးချိန်ကနေ စလို့ လက်ရှိအချိန်အထိ သုံးကြိမ်တိုင် ကမ်းလှမ်းခဲ့ပေမယ့် သုံးကြိမ်လုံး ငြင်းဆိုထားခဲ့တယ်လို့လည်း အဲဒီပါတီက ထုတ် ပြောထားပါတယ်။
 
၈၈ ဒီမိုကရေစီလူထုအရေးတော်ပုံကနေ ပေါ်ပေါက်လာခဲ့တဲ့ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီဟာ ချင်းပြည်နယ်အ တွင်း လူထုထောက်ခံမှုအားကောင်းတဲ့ လူမျိုးစုပါတီတစ်ခုဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ လွှတ်တော် ကိုယ်စားလှယ် ခုနစ်ဦးနဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ လွှတ်တော်ကိုယ်စားလှယ် နှစ်ဦး ရွေးကေက်ခံအနိုင် ရရှိခဲ့ ပါတယ်။
 
 အဲဒီပါတီဟာ အာဏာရှင်စနစ် မှန်သမျှ ချုပ်ငြိမ်းရေး၊ ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ထောင်ရေးစတဲ့ မူဝါဒတွေနဲ့ ခိုင်မာစွာ ရပ်တည်လျက်ရှိကြောင်းလည်း ထုတ်ပြန်ချက်တွေမှာ ပြောဆိုထားသလို NLD ပါတီရဲ့ ကာ လရှည်ကြာ မဟာမိတ်ပါတီတခုအဖြစ်လည်း လူသိများပါတယ်။