ရုရှားနိုင်ငံ ပိုင်နက်အပြင် ပင်လယ်ဖက်ကပါ လှမ်းပစ်တဲ့ ဒုံးကျည်တွေကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး ကိယက်ဗ်က အခြေခံ အဆောက်အအုံတချို့ ထိခိုက် ပျက်စီးခဲ့ပါတယ်။ ယူကရိန်းက ရုရှားဒုံးကျည် တိုက်ခိုက်မှုတွေကို အတော်လေး ထိထိရောက်ရောက် ဟန့်တားလာနိုင်တဲ့ အချိန်မှာ မိုးပျံပူဖောင်းတွေ စေလွှတ်တာ အပါအဝင် ရုရှားဖက်က တိုက်ခိုက်ရေးဗျူဟာတွေ ပြောင်းလာတာ ဖြစ်နိုင်ကြောင်း ယူကရိန်း စစ်ထောက်လှမ်းရေးတွေက ဝန်ခဲ့ပါတယ်။
ယူကရိန်း လေကြောင်းကာကွယ်ရေး တပ်ဖွဲ့တွေဟာ ကိယက်ဗ် ကောင်းကင်ယံမှာ ပျံဝဲနေတဲ့ ရုရှားရဲ့ မိုးပျံပူဖောင်းတွေထဲက အတော်များများကို ပစ်ချနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီ မိုးပျံပူဖောင်းတွေမှာ တပ်ဆင်ထားတယ်ဆိုတဲ့ ရေဒါထောက်လှမ်းမှု လှိုင်းတွေကို လမ်းကြောင်းပြောင်းပေးတဲ့ ကိရိယာတွေကိုလည်း ယူကရိန်းက ထုတ်ပြခဲ့ပါတယ်။ အဲဒီလို ပူဖောင်းတွေကို မကြာသေးခင် ရက်ပိုင်းအတွင်း ယူကရိန်း အရှေ့ပိုင်းက ဒီနီပရို ပက်ထရော့ဗ်စ်ခ် ဒေသမှာလည်း အတွေ့ရ များလာခဲ့ပါတယ်။
ယူကရိန်း လေတပ် ပြောရေးဆိုခွင့်ရ အရာရှိ ယူရီ အီဟ်နတ်က အဲဒီ ဘောလုံးတွေဟာ ရေဒါကို နှောင့်ယှက်တဲ့ ကိရိယာတွေနဲ့ ထောက်လှမ်းရေး ကိရိယာတွေ တပ်ထားလေ့ရှိပြီး လေအားကို အသုံးပြုတဲ့ ပန်ကာတွေနဲ့ မောင်းနှင်စေတယ်လို့ ပြောပါတယ်။ မိုးပျံပူဖောင်းတွေဟာ အမြင့်ပေ ၁၁၀၀၀ လောက်ကနေ ပျံဝဲလေ့ရှိပြီး မော်လ်ဒိုဗာ နိုင်ငံမှာလည်း အမျိုးအမည်မသိ အလားတူ အရာမျိုးတွေ တွေ့ရှိတာကြောင့် လေပိုင်နက်အတွင်း ဖြတ်ပျံခွင့်ကို အစိုးရက ယာယီ ပိတ်ခဲ့ပါသေးတယ်။
ယူကရိန်းကတော့ ရုရှားဟာ ဒုံးကျည်တွေ မပစ်ခင်မှာ ယူကရိန်း ရေဒါတွေကို နှောင့်ယှက်ဖို့အတွက် အဲဒီ မိုးပျံပူဖောင်းတွေကို ရည်ရွယ်ချက်ရှိရှိ ကြိုတင် စေလွှတ်ခဲ့တာလို့ ယုံကြည်နေပါတယ်။ တကယ်တမ်း ဒုံးကျည်တွေ ပစ်ခတ်လာချိန်မှာ အဲဒီ မိုးပျံပူဖောင်းတွေက ပစ်မှတ် အမှားတွေအဖြစ် ရေဒါမှာ ပေါ်လာပြီး လေကြောင်းကာကွယ်ရေး စနစ်တွေကို အာရုံထွေပြားအောင် လှည့်စားမယ့် သဘောပါပဲ။
ယူကရိန်း စစ်တပ်က ရရှိထားတဲ့ ရေဒါ လမ်းကြောင်းပြောင်း ကိရိယာတွေက ယူကရိန်း ရေဒါတွေကို မိုးပျံပူဖောင်းတွေဆီ ချိန်ရွယ်လာအောင် ဆွဲဆောင်နိုင်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် တကယ်တမ်း အန္တရာယ်ပေးမယ့် ဒုံးကျည်တွေက အတားအဆီးမရှိ ပစ်မှတ်ဆီ ပျံသန်းနိုင်မယ့် သဘောပါပဲ။ ရေရှည်မှာတော့ ဒီလို မိုးပျံပူဖောင်းတွေဟာ ရုရှားရဲ့ တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲလေယာဉ်တွေ ဝင်ရောက်လာမှုကိုပါ အကူအညီ ဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။ ယူကရိန်း လေကြောင်းကာကွယ်ရေး တပ်ဖွဲ့တော့ ဒီလို ပစ်မှတ်အမှားတွေကို ဘယ်လို ကိုင်တွယ်မလဲ ဆိုတဲ့အပေါ် အမြန်ဆုံး စဉ်းစား အဖြေရှာနေပါတယ်။
အဲဒီ မိုးပျံပူဖောင်းတွေဟာ ယူကရိန်း လေကြောင်း ကာကွယ်ရေး စနစ်တွေကို လှည့်စားဖို့အပြင် သူလျှို လုပ်ငန်း ရည်ရွယ်ချက်တွေပါ ပါဝင်နိုင်တယ်လို့ ယုံကြည်ရပြီး ယူကရိန်း စစ်တပ်က ဆက်လက် စစ်ဆေးနေဆဲလို့ သိရပါတယ်။