ဘောလုံးပရိသတ်တွေကို လူစုခွဲဖို့ မျက်ရည်ယိုဗုံး သုံးခဲ့ပြန်တဲ့ အင်ဒိုနီးရှား ရဲတပ်ဖွဲ့

အင်ဒိုနီးရှား ရဲတပ်ဖွဲ့ဟာ အားကစားရုံ တစ်ခုရှေ့မှာ ပရိသတ်တွေကို မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်ပြီး လူစုခွဲခဲ့တာကြောင့် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

 ဖေဖော်ဝါရီ ၁၇ ရက်က ဂျာဗားအလယ်ပိုင်းမှာ ကျင်းပတဲ့ ဘောလုံးပွဲ တစ်ခုကို ကြည့်ရှုဖို့ ပရိသတ်တွေက ကွင်းထဲကို အတင်းအကျပ် စုပြုံဝင်ကြချိန်မှာ ရဲတွေက မျက်ရည်ယိုဗုံးတွေ ပစ်ဖောက်ခဲ့တာပါ။ အင်ဒိုနီးရှား ရဲတပ်ဖွဲ့ဟာ တခြား ဘောလုံးကွင်း တစ်ခုမှာ မျက်ရည်ယိုဗုံးတွေ သုံးမိလို့ ကမ္ဘာ့သမိုင်းမှာ အဆိုးရွားဆုံး အားကစားရုံတွင်း အစုအပြုံလိုက် သေဆုံးမှုကြီး တစ်ခုနဲ့ ကြုံခဲ့ဖူးတာတောင် ဒီနည်းလမ်းကို မစွန့်လွှတ်တာကြောင့် ဝေဖန် ခံနေရတာ ဖြစ်ပါတယ်။

 ကံအားလျော်စွာနဲ့ အခုတစ်ကြိမ် ဂျာတီဒီရီ အားကစားရုံရှေ့မှာတော့ ထိခိုက်ဒဏ်ရာရသူတွေ မရှိဘဲ ပရိသတ်တွေကို လူစုခွဲနိုင်ခဲ့ပါတယ်။ ဆီမာရန်မြို့မှာ PSIS ဆီမာရန် အသင်းကို အားပေးဖို့ လာရောက်ကြတဲ့ ပရိသတ်တွေကို ရဲတွေက အခိုလို လူစုခွဲစေခဲ့တာပါ။ အဲဒီနေ့က မြို့ခံအသင်းဟာ ပါရစ်ဆိုလို အသင်းကို ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

 

 ကွင်းရှေ့မှာ နှစ်ဖက် ပရိသတ်တွေကြား တင်းမာမှုတွေ ရှိလာတဲ့နောက် ရဲတွေက အသင်းအာဏာပိုင်တွေနဲ့ ညှိပြီး အဲဒီပွဲကို ပရိသတ် မပါဘဲ ကစားစေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမဲ့ ပရိသတ်တွေက လက်မခံဘဲ ကွင်းထဲ အတင်းဝင်ဖို့ ကြိုးစားရာက ရဲတွေက မျက်ရည်ယိုဗုံး သုံးခဲ့တာပါ။

 ဆူရာကာတာမှာ ကြုံဖူးတဲ့ ပြဿနာကို သင်ခန်းစာယူပြီး ကွင်းအပြင်မှာ ကတည်းက ပရိသတ်တွေကို မျက်ရည်ယိုဗုံး အသုံးပြုပြီး လူစုခွဲစေခဲ့တာ ဖြစ်တယ်လို့ ဆာမာရန်မြို့ ရဲတပ်ဖွဲ့ အကြီးအကဲ အာဝမ် အန်ဝါက ပြောပါတယ်။ ဒါပေမဲ့ ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)ကတော့ ဘောလုံးကွင်းတွေမှာ လူစုခွဲဖို့အတွက် မျက်ရည်ယိုဗုံးလို ပစ္စည်းတွေ သုံးတာကို အတိအလင်း ကန့်ကွက်ထားပါတယ်။

 ပြီးခဲ့တဲ့နှစ်၊ အောက်တိုဘာလက အရှေ့ဂျာဗားမှာရှိတဲ့ မာလန်မြို့မှာ ဘောလုံးကွင်း မြက်ခင်းပြင်ပေါ်ထိ ကျူးကျော်ခဲ့တဲ့ ပရိသတ်တွေကို ရဲတွေက မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်ရာက လူတွေ အထိတ်တလန့် တိုးဝှေ့ကြ၊ အချင်းချင်း တက်နင်းမိကြတွေ ဖြစ်ပြီး လူပေါင်း ၁၃၅ ဦး သေဆုံးခဲ့ဖူးပါတယ်။ ဒီဖြစ်စဉ်နဲ့ ဆက်စပ်လို့ အစိုးရ ရှေ့နေတွေက မျက်ရည်ယိုဗုံး ပစ်ခတ်ဖို့ အမိန့်ပေးခဲ့တဲ့ ရဲအရာရှိ ၃ ဦးအပါအဝင် လူတချို့ကို တရားစွဲဆိုထားကြောင်း သိရပါတယ်။