ရခိုင်က အပစ်ရပ် သဘောတူညီမှု နောက်ကွယ်က ညှိနှိုင်းရေး ဗိသုကာ

ဂျပန်ရဲ့ ငြိမ်းချမ်းရေး အကျိုးတော်ဆောင် တစ်ယောက်လို့ သတ်မှတ်ခံရသူ ယိုဟီ ဆာဆာကာဝါဟာ အခုလ အစောပိုင်းက မြန်မာနိုင်ငံ အနောက်ဖျားမှာရှိတဲ့ ရခိုင်ပြည်နယ်ကို ရောက်ရှိလာတဲ့အခါ ပုံမှန်ဆိုရင် ထိလွယ်ရှလွယ် ရှိလွန်းတဲ့ ဒေသတစ်ခုလုံးဟာ အတော်လေး အေးဆေး တည်ငြိမ်နေတာကို သတိထားမိခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်၊ နိုဝင်ဘာလတုန်းက အာဏာသိမ်း မြန်မာ စစ်ကောင်စီနဲ့ နိုင်ငံရဲ့ အင်အားအကြီးဆုံး စာရင်းဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တစ်ခုတို့ကြားမှာ ရှားပါး အခြေအနေ တစ်ခုဖြစ်ပြီး ရာနှုန်းပြည် စိတ်မချရလောက်သေးတဲ့ လူသားချင်းစာနာမှုဆိုင်ရာ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုတစ်ခု အထမြောက်လာအောင် ဆာဆာကာဝါကိုယ်တိုင် ကြားဝင် စေ့စပ် ညှိနှိုင်းပေးထားခဲ့ပါတယ်။

 ကွဲပြားတဲ့ ရှုထောင့် တစ်ခုက ကြည့်မယ်ဆိုရင်တော့ ရခိုင်ဟာ ၂၀၁၇ တုန်းက စစ်တပ်ရဲ့ ကြမ်းကြုတ်ရက်စက်တဲ့ ဖြိုခွင်းမှုတွေကြောင့် ရိုဟင်ဂျာ မျိုးနွယ်စု ၇ သိန်းကျော်လောက် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရတဲ့ ပြည်နယ်အဖြစ် နာမည်ဆိုးနဲ့ ကျော်ကြားခဲ့ရဖူးပါတယ်။

 ပိုပြီး နီးကပ်တဲ့ အတိတ်ကို ပြန်ကြည့်ရင်တော့ မြန်မာစစ်တပ်နဲ့ ဒေသခံ တိုင်းရင်းသား လက်နက်ကိုင် တပ်တွေကြား မြင့်တက်လာတဲ့ တင်းမာမှုတွေကြောင့် ဒေသခံ ပြည်သူတွေ ဘေးလွတ်ရာ တိမ်းရှောင် ထွက်ပြေးခဲ့ကြရပြန်ပါတယ်။

 ပြီးခဲ့တဲ့နှစ်၊ မေလကစလို့ ဒေသခံ အထင်ကရ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တစ်ခုဖြစ်တဲ့ ရက္ခိုင့်တပ်တော် (AA)ဟာ တပ်မတော်လို့ ခေါ်ဝေါ်တဲ့ မြန်မာစစ်တပ်နဲ့ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားလာခဲ့ပါတယ်။

 မြန်မာနိုင်ငံရဲ့ အမျိုးသား ရင်ကြားစေ့ရေးဆိုင်ရာ ဂျပန် အထူးကိုယ်စားလှယ်ဖြစ်သူ ဆာဆာဝါက လွန်ခဲ့တဲ့ ၃ လလောက်မှာ နှစ်ဖက်စလုံးကို ယာယီ အပစ်ရပ်ထားကြဖို့ စည်းရုံး နားချနိုင်ခဲ့ပါတယ်။

 “AAနဲ့ မြန်မာစစ်တပ်ကြားမှာ အသေးအဖွဲ ပွတ်တိုက်မှုလေးတွေကစပြီး အဆုံးသတ်ဖို့ လုပ်ထုံးလုပ်နည်းတစ်ခု ရှိလာတဲ့အခါ အကောင်းဆုံး ရလဒ်မျိုး ထွက်ပေါ်လာခဲ့ပြီး ပြဿနာတွေ၊ ပဋိပက္ခတွေလည်း ထပ်ဖြစ်မလာတော့ဘူးလေ”လို့ ဆာဆာကာဝါက Channel News Asia သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

 အသက် ၈၄ နှစ်အရွယ် ဆာဆာကာဝါဟာ အကျိုးအမြတ်ကို ပဓာန မထားတဲ့ ပရဟိတ အဖွဲ့အစည်း နီပွန်ဖောင်ဒေးရှင်းရဲ့ ဥက္ကဋ္ဌလည်း ဖြစ်ပါတယ်။ သူ့ရဲ့ ဖောင်ဒေးရှင်းဟာ ကမ္ဘာအနှံ့က အငြင်းအခုံ ပေါင်းစုံနဲ့ ပတ်သက်လို့ ကွဲပြားတဲ့ လူ့အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ဆွေးနွေး အလုပ်လုပ်နေပါတယ်။

 ၂၀၁၃ ခုနှစ်မှာ လက်ရှိ အထူးကိုယ်စားလှယ် ရာထူးအတွက် ဂျပန် အစိုးရက ခန့်အပ်လိုက်ချိန်ကစလို့ ဆာဆာကာဝါဟာ ပြည်တွင်း တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေနဲ့ မြန်မာစစ်တပ်ကြား ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေအတွက် ကြားဝင် စေ့စပ်ပေးနေခဲ့ပါတယ်။

 ဖေဖော်ဝါရီ ၄ ရက်က ရခိုင်ပြည်နယ်ဆီ နောက်ဆုံး ရောက်ရှိခဲ့ချိန်မှာတော့ ဆာဆာကာဝါဟာ ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာလာရပြီး ခိုလှုံရေး စခန်းတွေမှာ နေထိုင်နေရသူတွေအတွက် စောင်တွေနဲ့ တခြားလိုအပ်တဲ့ အသုံးအဆောင်တွေကို ကူညီ ဝေငှပေးခဲ့ပါတယ်။

 

 လွန်ခဲ့တဲ့ ၂ နှစ်လောက်မှာ မြန်မာစစ်တပ်ဟာ ဒီမိုကရေစီ ပြယုဂ်အဖြစ် သတ်မှတ်ခံရသူ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းလိုက်ချိန်ကစလို့ စစ်အာဏာရှင်တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကြား တင်းမာမှုတွေက တရိပ်ရိပ် မြင့်တက်လာခဲ့ပါတယ်။ အာဏာသိမ်းမှု နောက်ဆက်တွဲ သွေးထွက်သံယို ဖြစ်စဉ်တွေအတွင်း နိုင်ငံအနှံ့မှာ အရပ်သား နေအိမ်ပေါင်း သောင်းနဲ့ချီ ဖျက်ဆီးခံခဲ့ရသလို နိုင်ငံကလည်း လူသားရေးရာ အကျပ်အတည်းကြီး ချောက်နက်ကြီး တစ်ခုထဲ ဆွဲချ ခံလိုက်ရပါတော့တယ်။

 ပြည်တွင်းက နိုင်ငံရေး အကျပ်အတည်းတွေကို ကူညီ ဖြေရှင်းပေးဖို့ နိုင်ငံတကာ အားထုတ်မှုတွေ ဆက်လက် တည်ရှိနေပေမယ့် အခြေအနေတွေကတော့ တိုးတက်မှု ရှိမလာသေးပါဘူး။

 မငြိမ်သက်မှုတွေနဲ့ အမြဲလိုလို အကျွမ်းတဝင် ဖြစ်နေတဲ့ ရခိုင်ပြည်နယ်မှာ ဆာဆာကာဝါရဲ့ ကြားဝင်စေ့စပ်မှုတွေ ရှားရှားပါးပါး အောင်မြင်ခဲ့ခြင်းက ဒေသခံ ပြည်သူတွေ အပူတပြင်း လိုအပ်နေတဲ့ စိတ်သက်သာရာ ရမှုကိုလည်း ဆောင်ယူနိုင်ခဲ့ပါတယ်။

 ဒါပေမဲ့ AAရဲ့ ပြောရေးဆိုခွင့် အရာရှိ တစ်ယောက်က ပြည်တွင်းက လွတ်လပ်တဲ့ မီဒီယာ တစ်ခုဖြစ်တဲ့ Myanmar Nowကို ပြောခဲ့ရာမှာတော့ အခုလို အလွတ်သဘော အပစ်အခတ် ရပ်စဲထားတာဟာ ယာယီအတွက်သာဖြစ်ပြီး စစ်တပ်က တစ်ခုခု ရှုပ်ရှုပ်ထွေးထွေး လုပ်လာတာနဲ့ တိုက်ပွဲတွေ အချိန်မရွေး ပြန်စလာနိုင်တယ်လို့ သတိပေးသွားခဲ့ပါတယ်။

 ဆာဆာကာဝါဟာ ၂၀၂၁ ခုနှစ်၊ အာဏာသိမ်းမှု မတိုင်ခင်ကရော၊ အဲဒီနောက်ပိုင်းမှာပါ မြန်မာနိုင်ငံကို အကြိမ်တော်တော်များများ သွားရောက်ဖူးပါတယ်။ နိုင်ငံတကာ အသိုက်အဝန်းက အဖက်မတန်သလို ဖယ်ကြဉ် ဆက်ဆံထားကြတဲ့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့လည်း သူက ဆက်ပြီး တွေ့ဆုံနေဆဲပါပဲ။

 တချို့ကတော့ မင်းအောင်လှိုင်ကို အဖက်လုပ်ပြီး တွေ့ဆုံနေတဲ့ ဆာဆာကာဝါရဲ့ လုပ်ရပ်ဟာ စစ်ခေါင်းဆောင်ရဲ့ တရားဝင်မှုကို အသိအမှတ် ပြုသလိုမျိုး ဖြစ်နေနိုင်တယ်လို့ ဝေဖန် ထောက်ပြကြပါတယ်။ သူကိုယ်တိုင်ကတော့ ဒါဟာ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး ပြန်လည် ရရှိဖို့ ခက်ခဲလှတဲ့ တိုက်ပွဲကို ဆက်ဆင်နွှဲနေတဲ့ လုပ်ငန်းစဉ် တစ်ခုသာဖြစ်ပြီး ဘယ်တော့မှ အရှုံးမပေးဘူးဆိုတဲ့ သူ့ရဲ့ အတွေးအမြင် သဘောထားကို ဆက်လက် ဆွဲကိုင်ထားမယ်လို့ ဆာဆာကာဝါက ဆိုတယ်။

 “ကျွန်တော်ကတော့ ကိုယ့်ယုံကြည်မှုကိုပဲ အခြေပြုပြီး ကိုယ့်ဘဝကိုယ် ပြီးပြည့်စုံစေချင်တယ်လေ။ ပြီးတော့ လူတွေကို တတ်နိုင်သလောက် ဆက်ပြီး ကူညီချင်သေးတယ်”လို့ သူက ပြောကြားသွားပါတယ်။

 Channel News Asis သတင်းဌာန၏ Japanese peacemaker brokers rare but shaky truce between Myanmar’s military and Rakhine ethnic group ဆောင်းပါးကို DNAက ဘာသာပြန်ဆိုသည်