ထန်တလန်တိုက်ပွဲမှာ CDF တပ်ဖွဲ့ဝင်နှစ် ဦးကျဆုံး၊ စစ်ကောင်စီက လေကြောင်းကနေ ပစ်ခတ်

ချင်းပြည်နယ် ထန်တလန်မြို့၊ TBC ဘုရားကျောင်းဝင်းထဲမှာ ခြေကုပ်ယူထားတဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေကို ဖေဖေါ်ဝါရီ ၁၆ ရက်က CNA နဲ့ CDF-Thantlang ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲအတွင်း CDF-Thantlang ရဲဘော်နှစ်ဦး ကျဆုံးခဲ့တယ်လို့ ဒေသတွင်း ချင်းမီဒီယာတွေက ဖော်ပြပါတယ်။

အဲ့ဒီအနီးကပ်တိုက်ပွဲမှာ  CDF-Thantlang ရဲဘော် ဆလိုင်းဗန်ထာဘိခ်နဲ့ ဆလိုင်းမောစီ ဗန်ဘွဲ့ဟုပ်တို့ ကျဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ထန်တလန်မြို့မှာ ဖေဖေါ်ဝါရီ ၁၆ ရက်က တိုက်ပွဲဖြစ်ခဲ့သလို စစ်ကောင်စီက လေ​ကြောင်းတိုက်ခိုက်မှုတွေလည်း လုပ်ခဲ့တယ်လို့ ဒေသတွင်းတော်လှန်ရေးအင်အားစုတွေဆီက သိရပါတယ်။

” ဂျက်ဖိုက်တာနဲ့ပစ်တာ၊ ကျွန်တော်တို့အပေါ်ကနေပဲ ဖြတ်ပျံတာပါ” လို့ ထန်တလန်နယ်နဲ့ ဆက်စပ်နေတဲ့ တော်လှန်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။ 

ထန်တလန်မှာ ဖေဖော်ဝါရီလဆန်းပိုင်းကစလို့ စစ်ကောင်စီတပ်နဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့အကြား တိုက်ပွဲတွေ တောက်လျှောက်ဖြစ်ခဲ့ပြီး စစ်ကောင်စီ ရဲစခန်းနဲ့ ထွေအုပ်ရုံးတွေကို ချင်းကာကွယ်ရေးတပ်ဖွဲ့ဘက်က သိမ်းပိုက်ခဲ့ပါတယ်။

စစ်အုပ်ချုပ်ရေးကြေညာတဲ့ ဖေဖော်ဝါရီ လဆန်းပိုင်းကစပြီး ချင်းပြည်နယ်မှာ စစ်ကောင်စီဘက်က သေဆုံးမှုတွေရှိခဲ့သလို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကလည်း ကျဆုံးမှုတွေရှိခဲ့တာဖြစ်ပါတယ်။ ဖေဖေါ်ဝါရီ လဆန်းပိုင်းကနေ ဒီကနေ့အထိ ဒေသခံကာကွယ်ရေးရဲဘော် ခြောက်ဦးကျဆုံးတယ်လို့ ဒေသတွင်းမီဒီယာတွေရဲ့မှတ်တမ်းအရ သိရပါတယ်။

စစ်ကောင်စီက ထန်တလန်မြို့ကို ပြန်လည်ထိန်း ချုပ်နိုင်ဖို့ စစ်လက်နက်ဖြည့်တင်းကာ ဟားခါးမြို့ဘက်က လက်နက်ကြီးတွေ၊ လေကြောင်းပစ်ကူတွေနဲ့ အပြင်းအထန်ပြန်လည်တိုက်ခိုက်နေတာဖြစ်တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

စစ်ကောင်စီအနေနဲ့ ချင်းပြည်နယ်မှာ စစ်သည်အင်အား ထပ်ဖြည့်မဖြည့် မသိရသေးပါဘူး။ ဒေသတွင်းစစ်ရေးတင်းမာမှုတွေ မြင့်တက်လာတဲ့ အခုလအတွင်းမှာပဲ ဟားခါးနဲ့ ကန်ပက်လက် အခြေစိုက် စစ်ကောင်စီတပ်တွေက စစ်သားသုံးဦး ဒေသကာကွယ်ရေးတပ်တွေဆီ လက်နက်နဲ့အတူ CDM ဝင်လာကြတယ်လို့ ဒေသခံကာကွယ်ရေးတပ်တွေက ထုတ်ပြန်ထားပါတယ်။

Photo – Social Media