အငြင်းပွားမှုတွေရှိနေတဲ့ GTIG အထည်ချုပ်စက်ရုံ ပိတ်ဖို့ပြင်နေ

အလုပ်သမား ၁၃၀၀လောက်နဲ့ လည်ပတ်နေတဲ့ ရွှေပြည်သာမြို့နယ် ဝါးတရာက GTIG အထည်ချုပ်စက်ရုံကို ဒီလကုန်ပိုင်းမှာ ပိတ်သိမ်းဖို့ပြင်ဆင်နေတယ်လို့ အဲဒီစက်ရုံ အလုပ်သမားအရေးကူညီပေးနေတဲ့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် (STUM) ဆီက သိရပါတယ်။ 

GTIG အထည်ချုပ်စက်ရုံမှာ အလုပ်သမားအခွင့်အရေးချိုးဖောက်မှုဖြစ်စဥ်တွေ ရှိနေပြီး အငြင်းပွားမှုဖြေရှင်းရေးတွေ မပြီးပြတ်ခင်မှာဘဲ ပိတ်သိမ်းမယ်ဆိုပြီး အလုပ်သမားတွေကို ဒီနေ့မှာ အသိပေးလာတာဖြစ်ပါတယ်။ 

“လုပ်ငန်းခွင်မှာ အလုပ်သမားအခွင့်အရေးချိုးဖောက်မူတွေ ရှိတဲ့အပေါ်  Brand ကိုတိုင်ကြားခဲ့တယ်၊ ဒီနေ့ အထည် အပ်တဲ့ Brand က စက်ရုံကိုလာစစ်တယ်၊ ပြီးတော့ စက်ရုံပိုင်ရှင်ကနေ အလုပ်သမားတွေကိုခေါ်ပြီး ဒီစက်ရုံပိတ်တော့မယ့်အကြောင်း ပြောတာ”လို့ STUM ဒါရိုက်တာ ဒေါ်မျိုးမျိုးအေးက ပြောပါတယ်။

အဲဒီစက်ရုံကို ဖေဖော်ဝါရီ ၂၈ မှာပိတ်သိမ်းမယ်လို့ စက်ရုံဘက်က အလုပ်သမားတွေကို အသိပေးထားပြီး နို့တစ်ကြေး တလစာနဲ့ လုပ်သက်အလိုက်နစ်နာကြေးတွေ ထုတ်ပေးမယ်ဆိုပြီးတော့လည်း ကတိပြုထားတယ်လို့ သိရပါတယ်။ 

GTIG Huasheng (Myanmar) ဟာ တရုတ်နိုင်ငံသားပိုင် အထည်ချုပ်လုပ်ငန်းတခုဖြစ်ပြီး အဲ့ဒီကုမ္ပဏီလက်အောက်မှာ ကော်ထိုက်စက်ရုံတွေအဖြစ်  အထည်ချုပ်လုပ်သားတွေကြား နာမည်တွင်တဲ့ စက်ရုံ ငါးခုထက်မနည်းရှိကာ တရုံစီမှာ ဝန်ထမ်းထောင်ကျော်နဲ့ လည်ပတ်နေတာဖြစ်တယ်လို့ သိရပါတယ်။

“သူတို့ တကယ်နစ်နာကြေးပေးပြီး ပိတ်မှာလား၊ နာမည်ပြောင်းပြီးပြန်ဖွင့်မှာလားဆိုတာတော့ စောင့်ကြည့်ရဦးမယ်”လို့ ဒေါ်မျိုးမျိူးအေးက ပြောပါတယ်။

အဲဒီစက်ရုံမှာ အလုပ်ရှင်ဆန္ဒနဲ့ ဖွဲ့ထားတဲ့ သမဂ္ဂနဲ့ အလုပ်သမားကိုယ်စားပြုသမဂ္ဂဆိုပြီး နှစ်ဖွဲ့ရှိနေကာ စက်ရုံပိတ်သိမ်းတယ်လို့ အကြောင်းပြပြီး သမဂ္ဂဖြိုခွဲမှု လုပ်နိူင်တယ်လို့လည်း အလုပ်သမားတွေနဲ့ STUM အလုပ်သမားအဖွဲ့ချုပ်ဘက်က သုံးသပ်မှုတွေ ရှိနေပါတယ်။ 

စစ်အာဏာသိမ်းပြီးနောက်မှာ စက်ရုံတချို့ဟာ အလုပ်သမားတွေကို နစ်နာကြေးအပြည့်မပေးဘဲ အလုပ်ထုတ်ခဲ့ပြီး နာမည်အသစ်နဲ့ ဆက်လက်ဖွင့်လှစ်လည်ပတ်နေတာ ရှိတယ်လို့လည်း အလုပ်သမားအရေး လှုပ်ရှားသူတွေက ဆိုပါတယ်။ 

ပြီးခဲ့တဲ့နှစ်အတွင်း ရွှေပြည်သာတမြို့နယ်တည်းမှာတင် စက်ရုံ ငါးခုလောက်ပိတ်သိမ်းခဲ့ပြီး အလုပ်သမားတွေကို နစ်နာကြေးမပေးလို့ အငြင်းပွားမှုတွေရှိခဲ့ပါတယ်။

Photo – Ko Htet Aung (ပုံဟောင်း)