စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တောင်ခြမ်းကျေးရွာတွေကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီး တွေဟာ ဒီကနေ့မနက်ပိုင်းမှာ ကိုင်းတွင်းရွာနဲ့ မင်းတိုင်ပင်ရွာတွေက ပြည်သူပိုင်ပစ္စည်းတွေကို လှည်းအစီး နှစ်ဆယ်ဝန်းကျင်နဲ့ တိုက်ယူသွားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေကပြောပါတယ်။
ပုလဲမြို့နယ်အတွင်း စစ်အုပ်စုက စစ်ကြောင်းထိုးနေလို့လို့ ကျေးရွာ (၁၄) ရွာက လူဦးရေ တသောင်းလောက် စစ် ဘေးရှောင်ခဲ့ရပြီး ပြည်သူတွေမရှိတဲ့ရွာတွေထဲက ပြည်သူပိုင်ပစ္စည်းတွေကို စစ်တပ်နဲ့ ပျူစောထီးတွေက ခိုးယူကြတာဖြစ်တယ်လို့ ပုလဲနယ်အတွင်း တော်လှန်ရေး အခြေအနေတွေနဲ့ စစ်ဘေးရှောင်သတင်းတွေ ဖော်ပြပေးနေတဲ့ ပုလဲအင်တာတိန်မန့်က ဖော်ပြပါတယ်။
စစ်သားတွေနဲ့ ပျူစောထီးတွေဟာ ကိုင်းတွင်းရွာက ပြည်သူပိုင်ပစ္စည်းတွေကို သယ်ယူသွားတဲ့အပြင် ရွာကနေ အိမ်တွေကို လျှပ်စစ်မီး ဖြန့်ဖြူးပေးနေတဲ့ ထရန်စဖော်မာကို သေနတ်နဲ့ ပစ်ခတ်ဖျက်ဆီးတာ၊ လူနေအိမ်သုံးလုံး မီးရှို့တာတွေတွေလည်း လုပ်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်အုပ်စုဟာ မနေ့ကလည်း အင်ကြင်းစုရွာက ပြည်သူပိုင်ပစ္စည်းတွေကို လှည်းအစီး (၂၀) နဲ့တိုက်ယူခဲ့သလို ဒီကနေ့မှာလည်း ကိုင်းတွင်းရွာနဲ့ မင်းတိုင်ပင်ရွာတွေထဲက ပြည်သူပိုင်အစ္စည်းတွေကို အလားတူ သယ်ယူနေကြတာဖြစ်တယ်လို့ သိရပါတယ်။
” စစ်ကြောင်းက အင်ကြင်းစုကို ရောက်တဲ့အခါမှာ အဲဒီရွာနဲ့ နှစ်မိုင်လောက်ဝေးတဲ့ အင်မထီးကပျူတွေက လှည်းအစီး ၂၀ နဲ့ လူသုံးကုန်တွေနဲ့ တောင်သူသုံးပစ္စည်းတွေကို သယ်သွားပါတယ်၊ပုလဲကို စစ်ကြောင်းဝင်တိုင်း အင်မထီးနဲ့ ဇီးဖြူကုန်း ပျူစခန်းက ဒီနည်းနဲ့ စစ်အုပ်စုကို ရိက္ခာရှာပေးတာပါ ” လို့ ပုလဲ အင်တာတိန်မန့်ကကိုနေသူရိန်က ပြောပါတယ်။
စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးလာတဲ့အခါ စစ်ကြောင်းနဲ့ နှစ်မိုင်ပတ်ချာလည်ကရွာတွေ ထွက်ပြေးတိမ်း ရှောင်ရလေ့ရှိပြီး လက်ရှိမှာ စစ်အုပ်စုက ဖေဖော်ဝါရီ(၁၅)ရက် မနေ့ကစလို့ ပုလဲမြို့နယ်တောင်ခြမ်း ရွာတွေ ဘက်ကို စစ်ကြောင်းထိုးနေတာလို့ သိရပါတယ်။
“သူတို့ကင်းပုန်းထွက်ဝပ်ရင်တောင် အဲနားကရွာတွေကပြေးဖို့လုပ်ရတယ်၊ဘာလို့ဆိုတော့ စစ်ကြောင်းလာရင် မိရင်သတ်တယ်၊ မီးရှို့တယ်နှိပ်စက်တယ်၊ဖမ်းရင်လည်း ဖမ်းခေါ်တာဆိုတော့ ပြည်သူတွေကအမြဲတမ်းပြင်ဆင်ထားတယ်၊အတွေ့အကြုံကလည်း ပြည်သူတွေမှာ ရှိနေပြီပေါ့ ” လို့ ကိုနေသူရိန်ကပြောပါတယ်။
ပုလဲမြို့ပေါ်ကနေ ထွက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ အင်မထီးရွာ ပျူစောထီးစခန်းကို သွားရောက် ခဲ့တာကြောင့်လမ်းတလျှောက်ကရွာသာ၊လိန်ကုန်း၊ရွာထင်၊ကြိုးကြားဥ၊ကံကြီး၊ဖိုကုန်း၊ညောင်ကုန်း၊မွေ့တုံ၊ကံပေါက်၊လှော်ကား၊နွယ်ရှောက်၊ကုက္ကိုကုန်း၊လက်ပုကန်၊ စတဲ့ ကျေးရွာ ၁၄ ရွာကဒေသခံ တသောင်းလောက်တိမ်း ရှောင်ခဲ့ကြရပြီး လက်ရှိမှာတော့ စစ်ကြောင်းနဲ့ ဝေးတဲ့ရွာတွေက နေအိမ်တွေထဲပြန်လည်နေထိုင် နေကြပြီ လို့သိရပါတယ်။
“ပုလဲမှာဆိုရင် အိမ်ခြေပေါင်း ၂၂၀၀ ကျော်နဲ့ ရွာပေါင်း၄၀လောက်မီးရှို့ခံထားရတယ်၊အဲဒီအတွေ့အကြုံအရတော့ ပြည်သူတွေက စစ်ကိုရှောင်တက်နေပြီ၊ဒါပေမယ့် PDF တွေတိုက်ပွဲဖော်ဆောင်မယ့် နေရာတွေကို စစ်မ ရှောင်သင့်ဘူး ပကဖ ပအဖ တွေပြောတဲ့နေရာကို စစ်ရှောင်သင့်တာပေါ့ ” လို့ ကိုနေသူရိန်က ပြောပါတယ်။
Photo – Pale Entertainment