ပစ်ချခဲ့တဲ့ တရုတ် မိုးပျံပူဖောင်းက အာရုံခံ ကိရိယာတွေ ရှာတွေ့ထားကြောင်း အမေရိကန်ပြော

တရုတ် သူလျှို မိုးပျံပူဖောင်းဆီက အာရုံခံ ကိရိယာတွေ အပါအဝင် အရေးကြီးတဲ့ အီလက်ထရောနစ် ပစ္စည်းတွေ ပြန်လည် ရှာဖွေ တွေ့ရှိထားပြီလို့ အမေရိကန် စစ်တပ်က ကြေညာပါတယ်။

 တရုတ်ရဲ့ သူလျှို ထောက်လှမ်းရေး ကိရိယာ တစ်ခုလို့ စွပ်စွဲထားတဲ့ မိုးပျံပူဖောင်းဟာ အမေရိကန် လေပိုင်နက်ကို ဖြတ်ပြီး ရက်အတန်ကြာ ပျံသန်းခဲ့တဲ့နောက် ဖေဖော်ဝါရီ ၄ ရက်မှာတော့ အမေရိကန် ရေတပ်က တောင်ပိုင်း ကာရိုလိုင်းနားပြည်နယ် ကမ်းလွန် ရေပြင်မှာ ပစ်ချခဲ့ပါတယ်။ တရုတ်ကတော့ အဲဒီ ပစ္စည်းဟာ အရပ်ဖက်သုံး မိုးလေဝသ လေ့လာရေး ကိရိယာ တစ်ခုသာ ဖြစ်တယ်လို့ ဖြေရှင်းပြီး အမေရိကန် လေတပ်က ဒုံးကျည်နဲ့ ပစ်ချခဲ့တာကို ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ပါတယ်။

 အခုအခါမှာတော့ အမေရိကန်ဟာ အတ္တလန္တိတ် သမုဒ္ဒရာထဲက ဆယ်ယူရရှိတဲ့ ပူဖောင်းရဲ့ အပျက်အစီး အစိတ်အပိုင်းတွေကို စစ်ဆေးနေသလို အရေးကြီးတဲ့ အာရုံခံ ကိရိယာတွေကို ခွဲခြား သိရှိထားပြီလို့ ပြောပါတယ်။ အဲဒီ ကိရိယာတွေဟာ ထောက်လှမ်းရေး အချက်အလက်တွေ စုဆောင်းယူရာမှာ အရေးကြီးတဲ့ ပစ္စည်းတွေလို့ အမေရိကန်က ယူဆထားပါတယ်။

 အဲဒီ မိုးပျံပူဖောင်းဟာ အမေရိကန်နဲ့ ကနေဒါ လေပိုင်နက်မှာ တစ်ပတ်လောက်ကြာအောင် ဖြတ်ပျံပြီးတော့မှ ပစ်ချ ခံခဲ့ရတာပါ။ အမေရိကန်ရဲ့ အင်အားသုံး တုံ့ပြန်တဲ့ ဆုံးဖြတ်ချက်ဟာ ကမ္ဘာ့အင်အားကြီး နှစ်နိုင်ငံကြားမှာ သံတမန်ရေးရာ တင်းမာမှုတွေကိုလည်း ပေါ်ပေါက်လာစေခဲ့ပါတယ်။

 အဲဒီဖြစ်စဉ် နောက်ပိုင်းမှာတော့ အမေရိကန်နဲ့ ကနေဒါ ကောင်းကင်ယံမှာ လွင့်မျော ပျံသန်းနေတဲ့ နောက်ထပ် အမျိုးအမည်မသိ အရာဝတ္ထု ၃ ခုကိုလည်း အမေရိကန် လေတပ်က ပစ်ချခဲ့ပြန်ပါတယ်။ အဲဒီ အရာတွေရဲ့ သဘောသဘာဝကိုတော့ အတိအကျ မသိရသေးဘဲ စုံစမ်း အတည်ပြုဖို့ ကြိုးစားနေဆဲလို့ အမေရိကန်က ဆိုပါတယ်။ အဲဒါတွေကလည်း တရုတ်ရဲ့ စပိုင်မိုးပျံပူဖောင်း အသေးစားတွေ ဖြစ်နိုင်တယ် ဆိုတဲ့ ခန့်မှန်းချက်တွေကိုလည်း အမေရိကန်က အတည်မပြုသေးပါဘူး။

 ကာကွယ်ရေးဝန်ကြီး လွိုက်ဒ်အော်စတင်ကတော့ ရရှိထားသမျှ အချက်အလက်တွေအရ အဲဒီ အရာတွေဟာ စစ်ရေးအရ ခြိမ်းခြောက်နိုင်စွမ်း ရှိတာမျိုးတွေတော့ မဟုတ်ဘူးလို့ ပြောကြားသွားပါတယ်။ ပြီးတော့ ပစ်ချခံရတဲ့ တရုတ် မိုးပျံပူဖောင်းနဲ့ အဆက်အစပ် ရှိတယ်လို့လည်း မပြောသေးပါဘူး။

 ဒါပေမဲ့ ကနေဒါ ဝန်ကြီးချုပ် ဂျက်စတင် ထရူဒူကတော့ ၈ ရက်အတွင်း အမေရိကန်နဲ့ ကနေဒါတို့မှာ ပစ်ချခံရတဲ့ အရာဝတ္ထု ၄ ခုကြားမှာ ဆက်နွှယ် ပတ်သက်မှုတွေ ရှိနိုင်တယ်လို့ ယူဆကြောင်း အရိပ်အမြွက် မှတ်ချက်ပေးခဲ့ပြီး အကျယ်တဝင့် ရှင်းပြဖို့ကိုတော့ ငြင်းဆန်သွားခဲ့ပါတယ်။