အကြမ်းဖက်ဖမ်းဆီးမှုတွေ ကြားက အံတုနေဆဲ ရန်ကုန် ပျောက်ကြားသပိတ်

နိုင်ငံအနှံ့အပြားမှာ အာဏာသိမ်းစစ်ကောင်စီကို အမျိုးသားညီညွတ်ရေးအစိုးရ NUG ဦးဆောင်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက  အမြစ်ပြတ်ချေမှုန်းဖို့ကြိုးစားနေကြပါတယ်။

ရန်ကုန်၊ မန္တလေး၊ မုံရွာလိုမြို့ကြီးတွေနဲ့ မြန်မာနိုင်ငံအလယ်ပိုင်းက ကျေးလက်ဒေသတွေနဲ့ အချို့ဒေသတွေမှာ တော်လှန်ရေးအင်အားစုတွေဟာ လက်နက်မကိုင်ပဲ ပျောက်ကြားသပိတ်ကို ဆင်နွှဲပြီး ဆက်လက်တွန်းလှန်နေတာပါ။

မိနစ်ပိုင်းသာကြာမြင့်တဲ့ ရန်ကုန်က ပျောက်ကြားသပိတ်ဆင်နွှဲသူတွေဟာ အာဏာသိမ်းခေါင်းဆောင်ရဲ့ပုံကိုမီးရှို့တာ၊ ခြေနဲ့နင်းတာ၊ “ဘာတွေလဲ ရန်ကုန်သားတွေ”’ ဖက်ဆစ် စစ်တပ်အမြစ်ဖြတ်” စတဲ့ကြွေးကြော်သံတွေကြွေးကြော်လေ့ရှိကြပါတယ်။

ဒါ့အပြင် ထီးတလက်မှာ ၈ ဂဏန်းတလုံးစီရေးထားပြီး လူလေးယောက်က ထီးလေးလက်နဲ့ ရှစ်လေးလုံးအရေးတော်ပုံ နှစ်ပတ်လည်သပိတ်ဆင်နွဲတာ၊ ပုဆိုးနဲ့ အမျိုးသမီးဝတ်ထမီမှာ အာဏာရှင်ဆန့်ကျင်ရေးသင်္ကေတတွေ နဲ့ ဓာတ်ပုံကမ်ပိန်းပြုလုပ်တာတွေအပါအဝင် ဆန်းသစ်တဲ့ သပိတ်တွေလည်းပါဝင်ပါတယ်။

အဲဒီထဲမှာ ရန်ကုန်မြို့က ရေဘဝဲလူမှုအကျိုးပြုအဖွဲ့နဲ့ မဟာမိတ်အဖွဲ့ အစည်းတွေပါဝင်သလို ကျောင်းသားသမဂ္ဂအဖွဲ့အစည်းတွေလဲပါဝင်နေပါတယ်။

မနေ့က ဖေဖော်ဝါရီလ ၁၂ ရက် ပင်လုံစာချုပ်ချုပ်ဆိုတာ ၇၆ နှစ်မြောက် အထိမ်းအမှတ်နေ့မှာလည်း ရန်ကုန်ပျောက်ကြားသပိတ်အဖွဲ့တွေဟာ အန္တရာယ်ကြားကပဲ ပျောက်ကြားသပိတ်ထွက်ခဲ့ကြပါသေးတယ်။

‘’ကျနော်တို့ ၁၂ ရက်နေ့က သပိတ်ထွက်ရတဲ့ အကြောင်းအရင်းကတော့ ပင်လုံစာချုပ်ချုပ်ဆိုခြင်း ၇၆ နှစ်မြောက်အတွက်ရည်ရွယ်ပြီး တောင်တန်းပြည်မ ညီညွတ်စွာနဲ့ တော်လှန်ရေးစစ်ပွဲဆင်နွှဲဖို့ရည်ရွယ်ပြီး တော့ သပိတ်ထွက်တာဖြစ်တယ်’’လို့ ပြည်ထောင်စုနေ့က ရန်ကုန်မှာ ပျောက်ကြားသပိတ်ထွက်ခဲ့တဲ့ ရေဘဝဲ(ပြည်သူ့အကျိုးပြုလူငယ်အဖွဲ့အစည်းရဲ့ ဥက္ကဌ က ပြောပါတယ်။

ရန်ကုန်မြို့က ရေဘဝဲ(ပြည်သူ့အကျိုးပြုအဖွဲ့လူူငယ်အဖွဲ့နဲ့ အတူ မဟာမိတ်အဖွဲ့အစည်းတွေလဲပါဝင်သလို ‘’တောင်တန်းပြည်မ ညီညွတ်ကြ’’စာသားပါအလံကို   တပ်ဦးက ကိုင်ဆွဲကာ ‘တောင်တန်းပြည်မညီညွတ်ကြ၊ ဖက်စစ်စစ်တပ်အမြစ်ဖြတ်၊ အရေးတော်ပုံအောင်ရမည်’စတဲ့ ကြွေးကြော်သံတွေကြွေးကြော်ခဲ့ကြပါတယ်။

‘’အခုကာလမှာသပိတ်ထွက်ရတဲ့ အခြေအနေကတော့ ရန်ကုန်ရဲ့လုံခြုံရေး၊ ရန်ကုန်ရဲ့ အခြေအနေတင်းကြပ်မှုတွေရှိတယ်။ ကျနော်တို့ထွက်နေတဲ့အချိန်မှာတောင် လှိုင်(မြို့နယ်)၁၃ ရပ်ကွက်၊ ၁၆ ရပ်ကွက်လမ်းတွေကိုပိတ်ပြီး ဖမ်းနေတာမျိုးရှိတယ်’’လို့ လည်း ရေဘဝဲ(ပြည်သူ့အကျိုးပြုလူငယ်အဖွဲ့အစည်း)ရဲ့ ဥက္ကဌက ဆက်ပြောပါတယ်။

အဲဒီလိုပိတ်ဆို့ဖမ်းဆီးတဲ့ကြားကပဲ ရေဘဝဲ(ပြည်သူ့အကျိုးပြုလူငယ်အဖွဲ့အစည်း)၊ Myanmar Labour Alliance အဖွဲ့ဝင်အခြေခံပညာကျောင်းသားလူူငယ်များအစည်းအရုံး၊ Youth Association of thingangyun တို့ ပေါင်းဆုံပြီး Youth Scout for Democracy ရဲ့ မြေပြင်ကင်းထောက်ပံ့ပိုးမှုနဲ့ အောင်အောင်မြင်မြင်ဆင်နွှဲနိုင်ခဲ့တယ်လို့သိရပါတယ်။

၇၆ နှစ်မြောက်ပြည်ထောင်စုနေ့ကို စစ်ကောင်စီက ရန်ကုန်ပြည်သူ့ရင်ပြင်လိုနေရာမျိုးမှာ စည်စည်ကားကားဖြစ်အောင်ကျင်းပနိုင်ဖို့ လုံခြုံရေးကိုတင်းကျပ်စွာချထားတဲ့ကြားကပဲ မြေပြင်ပျောက်ကြားသပိတ်တွေဟာ အင်နဲ့အားနဲ့ထွက်ပေါ်ခဲ့တာလည်းဖြစ်တယ်လို့ဆိုပါတယ်။

‘’ဒီမှာက သပိတ်လုပ်သွားရင် လုပ်သွားတဲ့ နားက ဈေးသည်တွေ သူတို့ မသင်္ကာတဲ့ သူတွေကိုဖမ်းတာပဲ။ ညကျရင် အဲ့နားကိုဧည့်စာရင်းစစ်တာတွေဘာတွေ သူတို့လုပ်တာပေါ့။ ဒါပေမယ့်သပိတ်တွေနဲ့ မြို့ပြရဲဘော်တွေရှိလို့ သာ ဒီက လူတွေအတော်အသက်ရှုချောင်တာလို့ပြောရမယ်။သိပ်မလုပ်နိုင်တဲ့နေရာဆို ဥပမာ ဒဂုံဆိပ်ကမ်းတို့ဘာတို့ဆိုပြည်သူတွေအတော်ခံရတယ်။ ပျူကော ဒလန်ကော စစ်တပ်ကကော ရပ်ကွက်အုပ်ချုပ်ရေးမှူးကကော နည်းပေါင်းစုံနဲ့ ငွေညှစ်တာနှိပ်စက်တာခံရတယ်’’ လုံခြုံရေးအရ အမည်မဖော်လိုသူ ရန်ကုန်ဒေသခံတဦးကပြောပါတယ်။

ဒီကနေ့မှာလည်း လွတ်လပ်ရေးဖခင်၊ မြန်မာ့တပ်မတော်တည်ထောင်သူ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ၁၀၈နှစ်မြောက်မွေးနေ့အထိမ်းအမှတ်အဖြစ် ရန်ကုန်၊ မန္တလေးနဲ့ မြို့ကြီးအချို့မှာ တော်လှန်ရေးအင်အားစုတွေစုပေါင်းပြီး ဗိုလ်ချုပ်မိန့်ခွန်းစာသားပါ  စာသားတွေကိုင်ဆောင်ဆန္ဒပြတဲ့ အွန်လိုင်းသပိတ်ပြုလုပ်ခဲ့ကြပါတယ်။

ရန်ကုန်မြို့ပြပျောက်ကြားအဖွဲ့တွေ လျှပ်တပြတ်သပိတ်မှောက်တာကို စစ်ကောင်စီက ရက်ရက်စက်စက်ဖြိုခွင်းဖို့ကြိုးစားခဲ့တဲ့ ဖြစ်စဉ်တွေရှိသလို ရေဘဝဲ(ပြည်သူ့အကျိုးပြုအဖွဲ့)မှာတင် ပစ်ခတ်ခံရလို့ သေဆုံးသူ ၁ ဦးနဲ့ အဖမ်းခံရသူ ၁၅ ဦးရှိတယ်လို့သိရပါတယ်။

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်မှာ ရန်ကုန်၊ ကြည့်မြင့်တိုင်မြို့နယ်၊ ပန်းပင်ကြီးလမ်းမှာ သပိတ်မှောက်လူငယ်တွေကိုစစ်တပ်က ကားနဲ့ တိုက်ဖမ်းဆီးပြီးသေနတ်နဲ့ပစ်ခတ်ခဲ့တဲ့အတွက် သပိတ်မှောက်လူငယ် ၅ ဦးသေဆုံး၊ ၁၂ ဦးဒဏ်ရာရကာ ၁၅ ဦးအဖမ်းဆီးခံရတဲ့ဖြစ်စဉ်လည်းရှိခဲ့ပါတယ်။

ဒါ့ကြောင့် သပိတ်တိုက်ပွဲကို မဟာမိတ်အဖွဲ့အစည်းတွေ အချင်းချင်းခိုင်မာတဲ့ယုံကြည်ချက်တွေနဲ့ အစစအရာရာ လုံခြုံရေး၊ သတင်းစီးဆင်းမှုဖြတ်တောက်ပြီးသတိကြီးကြီးထားကာ ဆင်နွဲနေတယ်လို့လည်း ရန်ကုန်မြို့ပြပျောက်ကြားအဖွဲ့တွေက ဆိုပါတယ်။

‘’ကျနော်တို့ သပိတ်အင်အားစုတွေအနေနဲ့ စစ်အာဏာရှင်စနစ်အလုံးစုံပျက်သုဉ်းရေးုဆိုတဲ့ အန္တိမပန်းတိုင်ရောက်သည်အထိ ဆက်လက်တိုက်ပွဲဆင်နွဲနေဦးမှာပါ’’ လို့ ရေဘဝဲ(ပြည်သူ့အကျိုးပြုလူငယ်အဖွဲ့အစည်း)ရဲ့ ဥက္ကဌက ပြောပါတယ်။