Non CDM ဝန်ထမ်းတွေ ကိုယ့်လုံခြုံရေးကိုယ်တာဝန်ယူဖို့ စစ်ကောင်စီပြော

မွန်ပြည်နယ်အတွင်းက စစ်ကောင်စီလက်အောက်ခံဌာနဆိုင်ရာ ဝန်ထမ်းတွေအနေနဲ့ လုံခြုံရေးအထူး ဂရုစိုက် ကြဖို့နဲ့ ကိုယ့်လုံခြုံရေးကို ကိုယ်သာတာဝန်ယူကြဖို့ကို စစ်ကောင်စီက ညွှန်ကြားလိုက်တယ်လို့ Non CDM ဝန်ထမ်းတွေဆီက သိရပါတယ်။

“ အစည်းအဝေးမှာ ခေါ်ပြောတာပါ၊အခုက ကိုယ့်လုံခြုံရေး ကိုယ်ယူပါ၊ မလိုအပ်ရင် အပြင်မထွက်ဖို့ ပြောတယ်၊ အခုစစ်သားနဲ့ ရဲတွေက လုံခြုံရေးယူပေးမယ့်သူတွေကလည်း အင်အားနည်းနေတယ်၊ ဒါကြောင့် ကိုယ့်လုံခြုံရေး ကိုယ်တာဝန်ယူပါလို့ ပြောတယ်၊အထူးဂရုစိုက်ဖို့ ပြောတယ်၊ ထူးခြားတာ တခုခုရှိရင် သက်ဆိုင်ရာ တင်ပြဖို့ အဲဒါ တွေ ညွှန်ကြားထားပါတယ်” လို့ သထုံမြို့နယ်က NON CDM ဝန်ထမ်းတဦးက DNA ကိုပြောပါတယ်။

လတ်တလောဖြစ်ပွားနေတဲ့ ပဋိပက္ခဖြစ်စဉ်နဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေ လုပ်ကြံသတ်ဖြတ်ခံရမှုမရှိစေဖို့အတွက် မွန် ပြည်နယ်အတွင်းက ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲတွေက ပြီးခဲ့တဲ့ ရက်ပိုင်းထဲမှာ အစည်းအဝေး တခုယူခေါ်ခဲ့တယ်လို့ဆိုပါတယ်။

အဲဒီအစည်းအဝေးမှာ Non CDM ဝန်ထမ်းတွေအနေနဲ့လုံခြုံရေးကို အထူးဂရုစိုက်ကြဖို့၊ မလိုအပ်ဘဲ အပြင် မ ထွက်ဖို့နဲ့ လက်ရှိ လုံခြုံရေးတပ်ဖွဲ့ဝင်အင်အားအလုံအလောက်မရှိနေတာကြောင့် ဝန်ထမ်းတွေအနေနဲ့ ကိုယ့် လုံခြုံရေးကို ကိုယ်တိုင်တာဝန်ယူကြဖို့ အစရှိတာတွေ ကို ထည့်သွင်းဆွေးနွေးခဲ့ကြတယ်လို့ NON CDM ဝန် ထမ်းအသိုင်းအဝိုင်းဆီကသိရပါတယ်။

အဲဒီအစည်းအဝေးဆုံးဖြတ်ချက်အရ ပြည်နယ်အဆင့်အကြီးအကဲတွေက သက်ဆိုင်ရာမြို့နယ်အသီးသီးက ဌာန ဆိုင်ရာဝန်ထမ်းအားလုံးကို ခေါ်ယူအသိပေးခဲ့တာဖြစ်တယ်လို့ သထုံမြို့နယ်မှ Non CDM ဝန်ထမ်းတဦးက DNA ကို ပြောပါတယ်။

မွန်ပြည်နယ်မှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေရဲ့ ပစ်မှတ်ထားတိုက်ခိုက်ခံနေရတဲ့ မြို့နယ်တချို့က ဌာနဆိုင်ရာရုံးတွေကိုတော့အရင်က စစ်ကောင်စီလက်အောက်ခံ စစ်သား၊ ရဲ၊ ပြည်သူ့စစ်အဖွဲ့တွေက လုံခြုံရေး ယူပေးနေတာဖြစ်ပြီး အဲဒီအဖွဲ့တွေ မကြာခဏတိုက်ခိုက်ခံရတာနဲ့ လုပ်ကြံသတ်ဖြတ်ခံရတဲ့ဖြစ်စဉ်တွေကြောင့် အင်အားနည်းပါးလာလို့ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းစပြီး ဌာနဆိုင်ရာရုံးတွေကို လုံခြုံရေးမယူပေးနိုင်တော့ဘူးလို့ ရေးမြို့ နယ်က Non CDM ဝန်ထမ်းတဦးက ပြောပါတယ်။

“အရင်ကတော့ ရေးတို့ လမိုင်းတို့၊ ကျိုက်ထိုတို့, ဘီးလင်း၊ သထုံမြို့နယ်တွေမှာ လုံခြုံရေးယူပေးနေ တာ ရှိပါ တယ်၊ စစ်သားနဲ့ ရဲတွေ၊ ပြည်သူ့စစ်တွေ, စစ်မှုထမ်းဟောင်းတွေကပေါ့လေ၊ နောက်ပိုင်းမှာ သူတို့တွေလည်း ခဏခဏ တိုက်ခိုက်ခံနေရတော့ ဒီနှစ်ကုန်ပိုင်းကတည်းက လုံခြုံရေးမယူပေးနိုင်တော့ဘူး၊ အခုသူတို့တွေက ရပ်ကွက် တွေမှာ လုံခြုံရေးယူပေးနေတဲ့ အဖွဲ့တွေနဲ့ ပေါင်းလိုက်ကုန်ပြီ”လို့သူက ပြောပါတယ်။

စစ်ကောင်စီဟာ ပြီးခဲ့တဲ့ဇန်နဝါရီလအတွင်း ရွေးကောက်ပွဲအတွက်မဲစာရင်းကောက်ယူရာမှာပါဝင်တဲ့ ဌာန ဆိုင်ရာဝန်ထမ်းတွေကိုတော့ လက်နက်ကိုင်အစောင့်အရှောက်လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ထည့်ပေးပြီး အကာ အကွယ်ပေးခဲ့ပါသေးတယ်။

တဖက်မှာလည်း စစ်ကောင်စီက သာမန်အရပ်သားတွေအပါအဝင် နိုင်ငံဝန်ထမ်းတွေပါ သေနတ်ကိုင်ခွင့်ရှိ တဲ့မူတ ရပ်ကို စစ်ကောင်စီရဲ့ ပြည်ထဲရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးက ဇန်နဝါရီလ ၃၁ ရက်စွဲနဲ့ ထုတ်ပြန် ထားပါတယ်။

ဒီထုတ်ပြန်ချက်အရ မွန်ပြည်နယ်အတွင်းက ဌာနဆိုင်ရာဝန်ထမ်းတွေကို စိစစ်ရွေးချယ်ပြီး သက်ဆိုင်ရာ ဝန်ကြီး ဌာနတွေကနေ တဆင့် ပြည်နယ်အစိုးရအဖွဲ့ကိုတင်ပြပြီး လက်နက်ထုတ်ပေးဖို့အတွက်လည်း စစ်ကောင်စီခန့် ပြည်နယ်အစိုးရအဖွဲ့က စီစဉ်နေတယ်လို့ ပြည်နယ်အစိုးရအဖွဲ့ရုံးနဲ့ နီးစပ်သူတဦးက DNA ကို ပြောပါတယ်။

“ပြီးခဲ့တဲ့ ရက်ပိုင်းမှာ လူကြီးပိုင်းတွေတွေ့ပြီး အဲဒီကိစ္စ ဆွေးနွေးခဲ့ပြီးပြီ၊ ဝန်ထမ်းအားလုံးကို ပေးကိုင်ဖို့ မဟုတ် သလို၊ မြို့နယ်တိုင်းကိုလည်း မဟုတ်ဘူး၊ ဥပမာ ရေးတို့လို၊ ဘီးလင်း၊ ကျိုက်ထို တို့လိုမြို့နယ်တွေကိုပဲ ပြော ထားတယ်၊ အခုတော့ သက်ဆိုင်ရာဝန်ကြီးဌာနနဲ့ တွေနဲ့ ညှိပြီး လုပ်နေကြတယ်၊အသေးစိတ်တော့ မသိရ သေးဘူး” လို့သူက ပြောပါတယ်။

ဒီလက်နက်ခဲယမ်းကိုင်ဆောင်ခွင့်မူနဲ့ပတ်သက်ပြီး ဥပဒေရေးရာ ကျွမ်းကျင်သူတွေနဲ့ CDM တပ်မတော် သားတွေ ကတော့ စစ်ကောင်စီက သူတို့နဲ့ပတ်သက်ဆက်နွယ်တဲ့သူတွေကို အကာအကွယ်ပေးဖို့ အခက်အခဲရှိ လာ တာ ကြောင့် လက်နက်တပ်ဆင်ပေးတဲ့ သဘောဖြစ်တဲ့ အပြင် ပြည်သူအချင်းချင်းကြား ပဋိပက္ခတွေတိုးပွားလာအောင် တမင်လုပ်ဆောင်တာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

 နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)ကတော့ အာဏာသိမ်းကာလနှစ် နှစ်တာ အ တွင်းမှာ သေဆုံးတဲ့အရပ်သား ၃၀၀၀ နီးပါးရှိခဲ့တယ်လို့ ထုတ်ပြန်ထားပြီး စစ်ကောင်စီဘက်ကတော့ အာဏာ သိမ်းပြီးနောက်ပိုင်း နိုင်ငံဝန်ထမ်းတွေ၊ ရပ်ကျေးအုပ်ချုပ် ရေးမှူးတွေနဲ့ အရပ်သားတွေအပါအဝင် သေဆုံးသူပေါင်း ၅၀၀၀ ကျော်ရှိပြီးလို့လည်း ဆိုထားပါတယ်။