စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် ချင်းပြည်နယ်မှာစစ်သားလေးဆယ်ကျော်သေဆုံးတယ်လို့ဆို

 

စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် အခုလဆယ့်တရက်အတွင်း ချင်းပြည်နယ်မှာ ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ CNA၊CDF တို့နဲ့ စစ်အုပ်စုတို့ တိုက်ပွဲတွေဆက်တိုက်ဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က လေးဆယ်ကျော်သေဆုံးတယ်လို့ ချင်းအမျိုးသားတပ်ဦး CNF က ထုတ်ပြန်ပါတယ်။ 

ဖေဖော်ဝါရီ ၁ ရက်​ကနေ ၁၁ ရက်အထိ CNA၊ CDF ပူးပေါင်းတပ်ဖွဲ့တွေဟာ ထန်တလန်ရဲစခန်း အပါအဝင် စစ်ကောင်စီတပ်တွေကိို ထိုးစစ်ဆင်တိုက်ခိုက်မှုတွေဆက်တိုက်လုပ်ခဲ့ပြီး စစ်ကောင်စီရဲ့လက်အောက်ခံလို့ နာမည်ထွက်နေတဲ့ ဇိုမီးတော်လှန်ရေးတပ် ZRA နဲ့လည်း တိုက်ပွဲတကြိမ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ဆယ့်တရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီအဖွဲ့ဝင် လေးဆယ်ကျော်သေဆုံးပြီး နှစ်ဆယ်ကျော်ဒဏ်ရာရရှိခဲ့သလို ချင်းအမျိုးသားတပ်ဦး ပူးပေါင်းတပ်ဖွဲ့ကလည်း CNA ရဲဘော်သုံးဦး ကျဆုံးကာ နှစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ CNF က ထုတ်ပြန်ပါတယ်။

CNA တပ်မဟာ (၁) နယ်မြေ မတူပီမြို့နယ်၊ ဇိုတုန်ဒေသမှာ ဖေဖေါ်ဝါရီ  ၄ ရက်ကစပြီး စစ်ကောင်စီတပ်ဖွဲ့နဲ့ CNA၊ CDF-Matupi၊ CDF-Zotung၊ CDF- Mara ပူပေါင်းတပ်ဖွဲ့အကြား ခြောက်ရက်တာတိုက် ပွဲဖြစ်ပွားခဲ့တာမှာ စစ်ကောင်စီတပ်ဖွဲ့၀င် လေးဆယ်ထက်မနည်း သေဆုံးကာ ၂၀ ဦးကျော် ဒဏ်ရာရရှိခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

CNA တပ်မဟာ (၃) နယ်မြေဖြစ်တဲ့ ထန်တလန်မြို့မှာလည်း စစ်ကောင်စီတပ်ဖွဲ့၀င် ခြောက်ဦးကို  CB ဘဏ်အဆောက်အဦးထဲမှာ လက်နက်တွေနဲ့ အရှင်ဖမ်းမိခဲ့သလို စစ်ကောင်စီရဲစခန်းနဲ့ ထွေအုပ်ရုံးကိုလည်း CNA နဲ့ CDF-Thantlang က ဖေဖော်ဝါရီ ၉ ရက်မှာ သိမ်းပိုက်ခဲ့ပါတယ်။

ရဲစခန်းကို သိမ်းပိုက်ရာမှာ စစ်ကောင်စီအဖွဲ့ဝင် ရုပ်အလောင်းလေးလောင်းအပြင် နောက်တရက်မှာ သေနတ်နှစ်လက်နဲ့ သေဆုံးနေတဲ့ စစ်ကောင်စီစစ်သားတဦးရဲ့ ရုပ်အလောင်းကို မြို့စွန်မှာ တွေ့ခဲ့ကြရတယ်လို့ တော်လှန်ရေးအင်အားစုတွေဆီက သိရပါတယ်။

ထန်တလန်မြို့ရဲစခန်းကို သိမ်းပိုက်ပြီးနောက် ထန်တလန်ဘက်ကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်မှုတွေလုပ်နေပေမယ့် တော်လှန်ရေးအင်အားစုတွေ ကြီးကြီးမားမား ထိခိုက်မှုမရှိဘူးလို့ ဆိုပါတယ်။

” ကြီးကြီးမားမားထိခိုက်တာမျိုးမရှိဘူး၊ ရှောင်နေကြတာ၊ ကျွန်တော်တို့ဘ​က်က စစ်ရှောင်တွေအတွက် ဆန်ပို့ပေးတာမျိုးတော့ရှိတယ်” လို့ နီးစပ်တဲ့တော်လှန်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

CNA တပ်မဟာ (၄) နယ်မြေ Laitui ရွာအနီး ရိက္ခာသယ်ဆောင်တဲ့ CNA၊ CDF-Hualngoram တပ်ဖွဲ့၀င်တွေကို ဖေဖေါ်ဝါရီ ၄ ရက်မှာ Zomi Revolutionary Army (ZRA) က ချုံခိုတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။အဆိုပါတိုက်ပွဲမှာ  ZRA ကတစ်ဦး သေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိသွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

” သူတို့က အာဏာသိမ်းကတည်းက စစ်ကောင်စီနဲ့ ပေါ်တင်ပေါင်းနေတာ” လို့ ZRA နဲ့ပတ်သက်ပြီး တော်လှန်ရေးအဖွဲ့ခေါင်းဆောင်တဦးက ပြောပါတယ်။

စစ်အာဏာသိမ်းကတည်းက ချင်းပြည်နယ်တောင်ပိုင်းမှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ကြား  တိုက်ပွဲတွေဖြစ်နေပြီး စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုတွေအပြင် ဟားခါးဘက်ကနေပါ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ သိရပါတယ်။