ယောဒေသစစ်ရှောင်စခန်းတွေမှာ ရေရှားပြီး ဝမ်းရောဂါဖြစ်နေ

မကွေးတိုင်းဒေသကြီး ဖြစ်တဲ့ ဂန့်ဂေါ၊ကျောက်ထု၊ ထီးလင်း မြို့နယ်မှာရှိတဲ့ စစ်ယောဒေသဘေးရှောင်စခန်းတွေမှာ ရေရှားပါးမူနဲ့စတင်ကြုံတွေ့ရပြီဖြစ်တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

” ရေက မိုးတုန်းကသဲပြင်အောက်မှာကျန်ခဲ့တဲ့ ရေကျန်တွေပဲရှိတော့တာ။ စိမ့်စမ်းရေမဟုတ်တော့ မကြာခင်ခမ်းမှာပဲ။ ဂန့်ဂေါမြို့နယ် အရှေ့တောင်၊အနောက်တောင်စခန်းတွေအကုန် ရေရှားလာတာပဲ” လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့ နှမ်းခါးလူငယ်အဖွဲ့တာဝန်ခံ ကိုနွေဦးကပြောပါတယ်။

အလားတူပဲထီးလင်းမြို့နယ်မှာ စစ်ဘေးရှောင်နေကြရတဲ့ပြည်သူတွေဟာလည်း ရေရှားပါးမူနဲ့ တွေ့ကြုံနေရပြီး ပြီးခဲ့တဲ လပိုင်းက ရေမသန့်မူကြောင့် ဝမ်းပျက်ဝမ်းလျောတွေလည်းဖြစ်ပွားခဲ့ကြတယ်လို့ စစ်ရှောင်ကူညီသူတဦးကပြောပါတယ်။

“၁၅ရွာလောက် ဝမ်းလျောဝမ်းပျက်ဖြစ်ခဲ့ကြတာ။ ဆန်တွေလည်းမီးထဲပါသွားတာတွေရှိတော့ ဆန်၊ ဆေးဝါးလိုအပ်ချက်တွေ အများကြီးရှိတယ်” လို့ သူကပြောပါတယ်။

ကျောက်ထုမြို့နယ်မှာ စစ်ဘေးရှောင်နေကြရတဲ့ပြည်သူတွေဟာ စစ်ရှောင်စခန်းကနေပြီး ရေရှိရာကို လှည်းတွေနဲ့သွားပြီး ခပ်ယူနေကြရတယ်လို့ စစ်ရှောင်တွေကပြောပါတယ်။

” အရင်ကဆို လှည်းတခေါက် ဆယ့်တပုံးဆို သုံးရက်လောက်တယ်။ အခုဟာ မလောက်ချင်တော့ဘူး။ နွားတွေရောဆိုတော့လေ။ နွေရောက်ရင်တော့ တမျိုးစဥ်းစားရမယ်” လို့ စစ်ရှောင်တဦးကပြောပါတယ်။

ယောဒေသက စစ်ရှောင်စခန်းတွေမှာ နွေမရောက်ခင်ကတည်းက ရေရှားပါးမူစတင် ကြုံတွေ့နေရတာဖြစ်ပြီး နွေရာသီမှာတော့ ပိုပြီးခက်ခဲတဲ့အခြေအနေတွေဖြစ်လာနေပါတယ်။

လက်ရှိမှာတော့ စစ်ရှောင်စခန်းအနီးတွေမှာ ရေတွင်းတူးကြည့်တာ၊ ရေနဲ့နီးတဲ့နေရာကို ပြောင်းရွှေ့ဖို့ အစီအစဉ်ဆွဲ ကြည့်တာမျိုးတွေ လုပ်ဆောင်နေကြတယ်လို့ စစ်ရှောင်ဒေသခံတွေကပြောပြပါတယ်။