ဘက်ပေါင်းစုံ ယိမ်းယိုင်မှုတွေကို တာဝန်ယူပြီး မော်လ်ဒိုဗာ အစိုးရ တစ်ဖွဲ့လုံး နုတ်ထွက်

ကဏ္ဍပေါင်းစုံ ယိမ်းယိုင်မှုတွေနဲ့ ကြုံခဲ့တဲ့နောက် မော်လ်ဒိုဗာ အစိုးရ တစ်ဖွဲ့လုံး နုတ်ထွက်ဖို့ ဆုံးဖြတ်ခဲ့ကြောင်း သိရပါတယ်။

ဥရောပ သမဂ္ဂကို လိုလားတဲ့ ဝန်ကြီးချုပ် နာတာလီယာ ဂက်ဗ်ရီလီတာ ဦးဆောင်တဲ့ အစိုးရဟာ စီးပွားရေးနဲ့ နိုင်ငံရေး မငြိမ်သက်မှုတွေကို မဖြေရှင်းနိုင်ခဲ့တဲ့နောက် ၁၈ လ အကြာမှာပဲ ရာထူးက နုတ်ထွက်ခဲ့ရတာ ဖြစ်ပါတယ်။

ဥရောပရဲ့ အဆင်းရဲဆုံး နိုင်ငံလို့ သတ်မှတ် ခံထားရတဲ့ မော်လ်ဒိုဗာဟာ အကျပ်အတည်း အတော်များများနဲ့ ရင်ဆိုင်ခဲ့ရတယ်လို့ ရာထူးက နုတ်ထွက်ချိန် ဖေဖော်ဝါရီ ၁၀ ရက်မှာ ဝန်ကြီးချုပ် ဂက်ဗ်ရီလီတာက ဝန်ခံသွားပါတယ်။

မော်လ်ဒိုဗာဟာ အိမ်နီးချင်း ယူကရိန်းနိုင်ငံမှာ ဖြစ်ပွားတဲ့ စစ်ပွဲရဲ့ သွယ်ဝိုက် ဆိုးကျိုးသက်ရောက်မှုတွေကို ခံစားခဲ့ရပြီး လောင်စာဆီ စျေးတွေ ထိုးတက်တာ၊ ကုန်စျေးနှုန်း မြင့်တက်တာ၊ ရွှေ့ပြောင်း ဒုက္ခသည် ပြဿနာနဲ့ ရုရှားရဲ့ ရန်လိုမှုတွေကို ရင်ဆိုင် ကြုံတွေ့ခဲ့ရပါတယ်။

 ဖေဖော်ဝါရီ ၁၀ ရက်က ရုရှားဟာ မော်လ်ဒိုဗာ လေပိုင်နက်ကို ဖြတ်ပြီး ယူကရိန်းကို ဒုံးကျည်တွေ ပစ်ခတ်ခဲ့ကြောင်း အစိုးရက အတည်ပြုပြီး နာရီပိုင်း အကြာမှာပဲ ဝန်ကြီးချုပ်နဲ့ သူ့ဝန်ကြီးတွေအားလုံး နုတ်ထွက်မယ့် ကြေညာချက် ပေါ်ထွက်လာခဲ့တာပါ။

ဂက်ဗ်ရီလီတာက ၂၀၂၁ ကတည်းက စတင် တာဝန်ယူခဲ့တဲ့ သူ့ရဲ့ အစိုးရဟာ ရုရှားက လှုံ့ဆော် တွန်းအားပေးမှုကြောင့် အဓိက ပေါ်ပေါက်လာတဲ့ အကျပ်အတည်း တော်တော်များများကို ရင်ဆိုင်ခဲ့ရတယ်လို့ စွပ်စွဲ ပြောကြားသွားပါတယ်။

မော်လ်ဒိုဗာဟာ ယူကရိန်းနဲ့ ၁၂၂၂ ကီလိုမီတာ ရှည်လျားတဲ့ နယ်နိမိတ် ထိစပ်နေတာကြောင့် စစ်ပွဲရဲ့ သွယ်ဝိုက် သက်ရောက်မှုတွေကို အတော်လေး ခံစားခဲ့ရပါတယ်။ သူ့အနေနဲ့ အစိုးရ အဖွဲ့ကို အဂတိ တိုက်ဖျက်ရေး၊ ဥရောပ သမဂ္ဂကို လိုလားရေးနဲ့ နိုင်ငံ ဖွံ့ဖြိုးရေးဆိုတဲ့ ရည်မှန်းချက်တွေ ထားရှိပြီး ဦးဆောင်ခဲ့ပေမယ့် လက်တွေ့မှာတော့ အဂတိ တိုက်ဖျက်ရေးမှာ ထိလို့မရတဲ့ လူပုဂ္ဂိုလ်တွေ ရှိနေခဲ့တာက အဓိက ပြဿနာကြီး ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

မော်လ်ဒိုဗာဟာ စွမ်းအင်ကဏ္ဍမှာ ရုရှားဆီက ဝယ်ယူတဲ့ ဓာတ်ငွေ့အပေါ် ၁၀၀ ရာခိုင်နှုန်း မှီခိုနေရတာကြောင့် စစ်ပွဲ စတင်လို့ အနောက်နိုင်ငံတွေက ရုရှားရဲ့ စွမ်းအင် တင်ပို့မှုတွေအပေါ် ပစ်မှတ်ထား ပိတ်ပင်တဲ့အခါ အကြီးအကျယ် ဒုက္ခရောက်ခဲ့ရပါတယ်။ ပြည်တွင်းမှာ လောင်စာစျေးတွေ ထိုးတက်ကုန်သလို နောက်ဆက်တွဲအဖြစ် ကုန်စျေးနှုန်းတွေလည်း မြင့်တက်ကုန်ပါတယ်။

သမ္မတ မိုင်ရာ ဆန်ဒူကတော့ ဝန်ကြီးချုပ်ရဲ့ နုတ်ထွက်စာကို လက်ခံယူချိန်မှာ ဂက်ဗ်ရီလီတာရဲ့ အဆုံးစွန် အနစ်နာခံ ကြိုးစားမှုတွေနဲ့ အကျပ်အတည်း ကာလမှ နိုင်ငံကို အစွမ်းရှိသမျှ အကောင်းဆုံး ဦးဆောင် ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ကြောင်း​ ပြောပါတယ်။

နုတ်ထွက်ချိန်မှာ ဂက်ဗ်ရီလီတာက အနောက်မဟာမိတ်ဖက် ယိမ်းသူတစ်ဦးဖြစ်ပြီး သူ့ရဲ့ ကာကွယ်ရေး အကြံပေး အနေနဲ့ တာဝန်ယူခဲ့ဖူးသူ ဒေါ်ရင် ရီစီယန်ကို အရိုက်အရာ ဆက်ခံဖို့ ထောက်ခံချက် ပေးသွားခဲ့ပါတယ်။ မော်လ်ဒိုဗာ လွှတ်တော်ဟာ ဝန်ကြီးချုပ်သစ် ဘယ်သူ ဖြစ်သင့်သလဲ ဆိုတာကို လာမယ့် သီတင်းပတ်မှာ မဲခွဲ ဆုံးဖြတ်သွားမယ်လို့ သိရပါတယ်။