အလာစကာ ပြည်နယ်မှာ အမျိုးအမည်မသိ ပျံသန်းနေတဲ့ အရာတစ်ခုကို အမေရိကန် လေတပ် ပစ်ချ

အလာစကာ ပြည်နယ်ရဲ့ ကောင်းကင်အမြင့်မှာ ပျံသန်းနေတဲ့ အမည်မသိ အရာတစ်ခုကို အမေရိကန် လေတပ်က ပစ်ချခဲ့ကြောင်း သိရပါတယ်။

ဖေဖော်ဝါရီ ၁၀ ရက်က အမေရိကန်ပိုင် အလာစကာ ပြည်နယ်ရဲ့အထက် အရမ်းမြင့်မားတဲ့ တစ်နေရာမှာ ပျံသန်းနေပြီး ကားအသေးစား တစ်စီး အရွယ်လောက်ရှိတဲ့ အရာကို သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ အမိန့်အရ လေတပ်က ပစ်ချခဲ့တယ်လို့ အိမ်ဖြူတော်က ထုတ်ပြန်ပါတယ်။

လေတပ်ရဲ့ F-22 တိုက်လေယာဉ် တစ်စီးဟာ အဲဒီအရာကို sidewinder ဒုံးကျည်နဲ့ ပစ်ချခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ပစ္စည်းက ဘာလဲ၊ ဘယ်လို ရည်ရွယ်ချက်နဲ့ လွှတ်တင်ထားတာလဲ ဆိုတာကို မသိရသေးဘူးလို့ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရ အရာရှိ ဂျွန်ကာဘီက ဆိုပါတယ်။

အမေရိကန် လေပိုင်နက်ထဲ ကျူးကျော် ဝင်ရောက်ခဲ့တဲ့ တရုတ် မိုးပျံပူဖောင်း တစ်စီးကို အမေရိကန် လေတပ်က ပစ်ချခဲ့ပြီး တစ်ပတ်အကြာမှာ အလားတူ ဖြစ်စဉ်မျိုး ထပ်ကြုံလာတာပါ။ ဒါပေမဲ့ အခုတစ်ကြိမ် တွေ့ရှိတဲ့ အရာက ကာရိုလိုင်းနား ပြည်နယ် တောင်ပိုင်းမှာ ပစ်ချခဲ့တဲ့ ပူဖောင်းထက် အရွယ်အစား အများကြီး သေးတယ်လို့ ကာဘီက ဆိုပါတယ်။ အဲဒီ အရာဟာ အလာစကာ ပြည်နယ် မြောက်ဖက် ကမ်းရိုးတန်း တလျှောက် ပေ ၄၀၀၀၀ လောက် အမြင့်ကနေ တစ်နာရီ မိုင် ၂၀ နဲ့ ၄၀ ကြား မြန်နှုန်းနဲ့ မြောက်ဝင်ရိုးစွန်းဖက်ဆီ ပျံသန်းနေခဲ့တာလို့ သိရပါတယ်။

လောလောဆယ်တော့ ရဟတ်ယာဉ်တွေနဲ့ သယ်ယူပို့ဆောင်ရေး ရေယာဉ်တွေဟာ ရေခဲနေတဲ့ ဗျူးဖော့ ပင်လယ်ပြင်ထဲ ပြုတ်ကျသွားတဲ့ အရာဝတ္ထုရဲ့ အပျက်အစီး အစိတ်အပိုင်းတွေကို ဖြန့်ကျက် ရှာဖွေနေပါတယ်။

အမျိုးအမည်မသိ ပျံသန်းနေတဲ့ အရာကို ထောက်လှမ်း တွေ့ရှိခဲ့တဲ့နောက် အန်းကာရေ့ဂျ်မှာရှိတဲ့ အယ်လ်မန်ဒေါ့ဖ်-ရစ်ချတ်ဆန် ပူးတွဲ အခြေစိုက် စစ်စခန်းက F-22တစ်စီး ပျံတက်သွားပြီး ဒုံးကျည်နဲ့ ပစ်ချခဲ့တာလို့ ကာဘီက အတည်ပြုပါတယ်။

အမေရိကန်က အစောပိုင်းမှာ ပစ်ချခဲ့တဲ့ တရုတ် မိုးပျံပူဖောင်းဟာ သူလျှိုပစ္စည်း တစ်ခုဖြစ်ပြီး အရပ်ဖက်သုံး ရည်ရွယ်ချက်နဲ့ လွှတ်တင်ထားတယ်ဆိုတာ မဟုတ်မှန်း သေချာကြောင်း အတိအလင်း စွပ်စွဲထားပါတယ်။ ဒါပေမဲ့ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ အဲဒါဟာ မိုးလေဝသ စောင့်ကြည့်လေ့လာရေး မိုးပျံပူဖောင်း တစ်ခုသာ ဖြစ်တယ်လို့ အခိုင်အမာ ငြင်းဆိုထားပါတယ်။