စစ်ရာဇဝတ်မှုတွေနဲ့ ပြစ်ဒဏ်ကင်းလွတ်ခွင့် သံသရာချုပ်ငြိမ်းဖို့လိုပြီ

“ဒလန်” ဆိုတဲ့ခေါင်းစဉ်အောက်မှာ လုပ်ကြံသတ်ဖြတ်မှုပြုကြတဲ့ ကိစ္စနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံတွင်းက လူ့အခွင့်အရေး လှုပ်ရှားသူတွေနဲ့ နိုင်ငံတကာက စောင့်ကြည့်လေ့လာ ကြသူတွေက လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ နိုင်ငံတကာဥပဒေနဲ့ လူ့အခွင့်အရေး စံနူန်းတွေအရ မလုပ်သင့်ဘူးဆိုတဲ့ ယူဆချက်တွေ ရှိနေပါတယ်။

စစ်ကောင်စီရဲ့ အကျိုးစီးပွားကိုလိုလားပြီး နွေဉီးတော်လှန်ရေးအင်အားစုတွေရဲ့ ပျက်စီးကြောင်းကို ဉီးတည်ပြီး စစ်ကောင်စီကို သတင်းပေးသူတွေကို “ ဒလန် ” လို့ အလွယ်နားလည်နိုင်ပါတယ်။

ဒီလိုလူမျိုးတွေကြောင့် CDM ပြုလုပ်ကြသူတွေနဲ့ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြသူတွေ ထောင်နဲ့ချီ ဖမ်းဆီးအကျဉ်းချခံရတာ၊ အသတ်ခံရတာတွေရှိပါတယ်။ ထင်ရှားတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီနဲ့ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ကိုဖြိုးဇေယျာသော်တို့ဟာလည်း ဒီသတင်းပေးတွေကြောင့် အဖမ်းခံခဲ့ရပြီး လူမသိ၊ သူမသိ ကြိုးပေးကွက်မျက်ခြင်း ခံခဲ့ရတာဖြစ်ပါတယ်။

“ ဒလန် ”  တွေရဲ့လုပ်ရပ်တွေကြောင့် ပျက်ဆီး၊ သေဆုံးသွားကြရတဲ့ ဘဝပေါင်းများစွာကို မျက်မြင်တွေ့ကြုံနေရတာကြောင့် “ ဒလန်ရှင်းခြင်း” လို့ခေါ်တဲ့ လုပ်ကြံသတ်ဖြတ်မှုဟာ ဖြစ်သင့်တယ်လို့ ယုံကြည်လက်ခံထားကြသူတွေကလည်း တော်လှန်ရေးအင်အားစုရဲ့ သုံးပုံ နှစ်ပုံနဲ့အထက်ရှိနိုင်ပါတယ်။

တော်လှန်ရေးကာလမှာအကြမ်းဖက်စစ်တပ်ကျူးလွန်သလို လုပ်ရပ်မျိုးတော်လှန်ရေးတပ်သားတွေမကျူူးလွန်ဖို့လိုသလို အကြမ်းဖက်မှုသံသရာ( Cycle of Violence ) မလည်ဖို့နဲ့ တော်လှန်ရေးကာလစစ်ရာဇဝတ်မှုကျူးလွန်မှုတွေကို ပြစ်ဒဏ်က ကင်းလွတ်ခွင့်ရမှာမဟုတ်ဘူးလို့ သတိပေးမှုတွေလည်းရှိပါတယ်။

“ တော်လှန်ရေးကာလအတွင်းမှာ ပိုသတိထားတယ်။ ဘာလို့သတိထားလည်းဆိုတော့ အကြမ်းဖက်စစ်တပ်ကဲ့သို့ စစ်ရာဇဝတ်မှုတွေကို ကျူးလွန်တဲ့ပုံစံမျိုးတွေက ကျွန်တော်တို့ တော်လှန်ရေးကာလအတွင်းမှာ ကျွန်တော်တို့ အရေးတော်ပုံတပ်သားတွေ တော်လှန်ရေးအင်အားစုတွေကလည်း အဲ့ဒါတွေကို မကျူးလွန်မိဖို့လိုတယ်။ အဲ့ဒါသိပ်အရေးကြီးတယ်။ တကယ်လို့များ ကျူးလွန်ခဲ့မယ်ဆိုရင်လည်း သေချာတာက တော်လှန်ရေးကာလအတွင်းမှာ လုပ်လိုက်တဲ့အတွက်ကြောင့်မို့လို့ ပြစ်ဒဏ်က ကင်းလွတ်ခွင့်ရမှာတော့ မဟုတ်ဘူး ဒါသေချာတယ်။ ဘာကြောင့်လဲဆိုတော့ သူကလူ့အခွင့်အရေးကို ချိုးဖောက်တယ်လေ ” လို့ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ ဉီးဆောင်ကော်မတီဝင် ဉီးထွန်းကြည်က ပြောပါတယ်။  

ဉီးထွန်းကြည်ဟာ ကိုယ်တိုင်လည်း နိုင်ငံရေးအကျဉ်းသားဟောင်း တဉီးဖြစ်သလို လူ့အခွင့်အရေးလှုပ်ရှားသူတဉီးလည်းဖြစ်ပါတယ်။ လက်ရှိမှာ စစ်ကောင်စီနဲ့ သတင်းပေးတွေရဲ့ အန္တရာယ်ကြောင့် တိမ်းရှောင်နေရသူတဉီးဖြစ်ပါတယ်။

လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ နိုင်ငံတကာဥပဒေမှာ “အရပ်သားများ (လက်နက်ကိုင်တပ်ဖွဲ့ သို့မဟုတ် လက်နက်ကိုင်အုပ်စု အဖွဲ့ဝင်မဟုတ်သူ) သည်ရန်လိုမှုများတွင် တိုက်ရိုက်ပါဝင်ပက်သက်သည့် သီးသန့် လုပ်ရပ်တစ်ခု လုပ်ဆောင်နေချိန်မှအပ၊ ပစ်မှတ်ထား မတိုက်ခိုက်နိုင်သလို အခြားတစ်ဖွဲ့မှ စစ်ဘက်ဆိုင်ရာ သတင်းအချက်အလက်များ ရယူခြင်း သို့မဟုတ် ပေးပို့ခြင်းသည် အချို့သော အခြေအနေများတွင် တိုက်ရိုက်ပါဝင်ခြင်း ဖြစ်နိုင်သော်လည်း၊ လူတစ်ဦးကို အဆိုပါသီးသန့် လုပ်ရပ်တွင် ပါဝင်နေချိန်တွင်သာ ပစ်မှတ်ထား တိုက်ခိုက်နိုင်သည်။ 

အရပ်သားများအား ၎င်းတို့၏ အတိတ်က တိုက်ရိုက်ပါဝင်ဆောင်ရွက်မှုများအတွက် ပြစ်ဒဏ်ပေးခြင်း မလုပ်ရသလို၊ အနာဂတ်တွင် မလုပ်ရန် တားဆီးသည့် အနေဖြင့် အပြစ်ပေးခြင်း မလုပ်နိုင်ပါ” လို့ သတ်မှတ်ဖော်ပြထားပါတယ်။

ဒါပေမယ့် ဒီသတ်မှတ်ချက်တွေဟာ လက်ရှိမြန်မာနိုင်ငံရဲ့ အခြေအနေနဲ့တွက်ချက်ကြည့်ရင် လိုက်နာနိုင်ဖို့ မလွယ်ကူနိုင်တာ၊ “ ဒလန်” တွေရဲ့ သတင်းပေးမှုဟာ တော်လှန်ရေးကို ထိခိုက်မှုကြီးစေတာတွေ ဖြစ်ပေါ်နေတာကြောင့် ဒီသတင်းပေးတွေကို ထိန်းချုပ်နိုင်မယ့် နည်းလမ်းတွေလိုအပ်တယ်လို့ ဉီးထွန်းကြည်က ဆိုပါတယ်။

ဘာကြောင့်လိုအပ်တယ်ဆိုတာနဲ့ ပတ်သက်ပြီး သူက “ သူကလက်နက်မဲ့ဖြစ်လင့်ကစားပေါ့နော်။ သူ့ရဲ့နောက်ကြောင်းကို စိစစ်ဖို့လိုတယ်။ သူကအရပ်ဘက်ကလား၊ စစ်ဘက်ကလားပေါ့။ အရပ်ဘက်ကဆိုရင်လည်း သူက သတင်းပေးလား၊ ဒလန်လား၊ သူလျိုလားပေါ့၊ ဒါတွေကို ကျွန်တော်တို့က လေ့လာသုံးသပ်ဖို့လိုတယ်။ ဒါပေမယ့် တော်လှန်ရေး အင်အားစုတွေက အဲ့ဒါတွေကိုလိုက်ပြီးတော့ နောက်ကြောင်းလိုက်ဖို့ဆိုတာက သူတို့မှပြေးရ ပုန်းရ ရှောင်ရ တိမ်းရ သူတို့မလုပ်နိုင်ဘူး။ အဲ့ဒါကို NUG ကလက်တံရှည်တယ်လေ ဒီသတင်းတွေကို စိစစ်ပေးမယ့် အဖွဲ့စည်းတစ်ခုလိုတယ်။ သေချာပြီ တချို့ ဒလန်တွေဟာ တချို့အင်ဖော်မာတွေဟာ ဘယ်လောက်တောင် အန္တရာယ်ကြီးလဲဆိုရင် ကျဆုံးသွားတဲ့ သူရဲကောင်းတွေ ၁၀၀ မှာ ၇၀၊ ၈၀ ဟာ သူတို့ကြောင့်ဖြစ်တာဖြစ်တယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေထက် အခု သူလျို၊ ဒလန်၊ သတင်းပေးတွေဟာ ပိုတောင်ကြောက်စရာကောင်းသေးတယ်။ ဒါမျိုးကျတော့ သေချာပြီဆိုရင် သေချာတဲ့အလျောက် လုပ်ထုံးလုပ်နည်းနဲ့အညီ ဉပဒေနဲ့အညီ NUG ကပြဌာန်းထားတဲ့ ပြဌာန်းချက်တွေနဲ့အညီ ဆောင်ရွက်ရမှာပဲ  ” လို့ ရှင်းပြပါတယ်။

လက်ရှိမှာတော့ NUG ရဲ့ကာကွယ်ရေးဝန်ကြီးဌာန(MOD)ရဲ့ အခြေခံမူ ၃၅ ချက်ရှိတဲ့အထဲက ၁၅ ချက်မြောက်မှာ  “ စစ်ဖက်ဆိုင်ရာက အရပ်သားများအပေါ်ကျူးလွန်သည့် မည်သည့်ပြစ်မှုကိုမဆို အရပ်ဖက်ဆိုင်ရာတရားရုံးများတွင် ကြားနာစစ်မေး တရားစီရင်ရမည်” ၁၆ မှာ “စစ်ဖက်ဆိုင်ရာ ဆောင်ရွက်မှုများကြောင့် ပြည်သူအပေါ် နစ်နာမှုဖြစ်စေကြောင်း သံသယရှိပါက စစ်ဖက်ဆိုင်ရာ တရားရုံးက စုံစမ်းစစ်ဆေး တရားစီရင်ရုံသာမက အရပ်ဖက်ဆိုင်ရာတရားရုံးများကလည်း အလားတူ စီရင်ပိုင်ခွင့် ရှိစေရမည်” လို့ပြဌာန်းထားသလို ၂၂ ချက်မြောက်မှာ “ နိုင်ငံတော်၏ အကျိုးစီးပွားနှင့် မဆန့်ကျင်သော နိုင်ငံတကာစစ်ဖက်ဆိုင်ရာ ဥပဒေများကို ပြဋ္ဌာန်းလိုက်နာရမည်” လို့ ဆိုထားပါတယ်။

ဒါနဲ့ပတ်သက်လို့ မြန်မာ့တော်ဝင်နဂါးတပ်တော် (MRDA)ကိုတည်ထောင်သူ ဗိုလ်နဂါးက “ တော်လှန်ရေးပြီးသွားလို့ ပြည်သူတွေရွေးချယ်တင်မြှောက်တဲ့ အစိုးရက ကျွန်တော်တို့ တော်လှန်ရေးကာလအတွင်းမှာ လုပ်ခဲ့တဲ့ လုပ်ရပ်တွေဟာ မှားယွင်းတယ်။ အပြစ်ရှိတယ်ဆိုတာမျိုး ပေါ်ပေါက်ခဲ့ရင် ပေးလာမယ့်အပြစ်ဒဏ်တွေကို လက်ခံမယ်။ ကျွန်တော်တို့မှာ အမှားမရှိဘူးမဟုတ်ဘူး ရှိနိုင်တယ်။ အဲ့ဒီအမှားတွေအတွက် တာဝန်ယူမယ်” လို့ သူ့ရပ်တည်ချက်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အတွင်းမှာ ဗိုလ်နဂါးတို့အဖွဲ့ကို MOD လက်အောက်ခံ ပုလဲမြို့နယ် ပကဖ က အရပ်သားကို သတ်ဖြတ်မှုပြုခဲ့တယ်လို့ စွပ်စွဲအပြစ်တင်မှုတွေရှိနေပြီး ဗိုလ်နဂါးက ဒီစွပ်စွဲမှုတွေကို အချက်အလက်တွေနဲ့ ပြန်လည်ချေပမှုတွေ ရှိခဲ့ပါတယ်။ 

လက်ရှိ ဖေဖော်ဝါရီလအတွင်းမှာ MRDA ရဲ့တပ်ဖွဲ့ဝင်တွေဖြစ်တယ်လို့ စစ်ကောင်စီလော်ဘီတွေက သတင်းဖြန့်နေတဲ့ အမျိုးသား ၆ ဉီး ခေါင်းဖြတ်အသတ်ခံထားရတဲ့ ပုံတွေဟာလည်း သူတို့ရဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ ပြန့်နှံ့နေပါတယ်။

ဒီလိုအခြေအနေတွေကို တော်လှန်ရေးအင်အားစုတိုင်းက ကြုံတွေ့ရနိုင်ပြီး ဒီလိုကြုံတွေ့ရမှုအပေါ် လက်စားချေလိုစိတ်ကြောင့် ဆင်ခြင်တုံတရားနဲ့ လူ့အခွင့်အရေးစံနူန်းတွေကို မေ့သွားလို့ မရဘူးလို့ ဒီမိုကရေစီအရေးလှုပ်ရှားသူတစ်ဉီးဖြစ်တဲ့ မသဉ္ဇာရွှန်းလဲ့ရည်က ပြောပါတယ်။

သူက “ အခုလက်နက်ကိုင်အဖွဲ့ ငါးရာကျော်ရှိလာတယ်။ ဒီကြားထဲမှာ သတ်ဖြတ်မှုတွေ နောက်ဆက်တွဲမှာဆိုရင် မှားယွင်းသတ်ဖြတ်မှုတွေဖြစ်လာမယ်။ နောက်ရန်ငြိုးရန်စတွေရှိလာမယ်။ အဲ့ဒီနောက်ဆက်တွဲဆိုရင် ကြားကပြည်သူတွေ နစ်နာရတာတွေရှိလာနိုင်သလို နစ်နာမှုတွေကို ပြန်လည်ကုစားပေးရနယ့် အနေအထားတွေအများကြီးကြုံလာရနိုင်တယ်။ ဒါက သံသရာတစ်ခုကို ပြန်လည်သွားနိုင်စေတယ်။ အထူးသဖြင့်လက်နက်ကိုင်တော်လှန်ရေးပြောပြော ဒီလက်နက်ကိုင် အစုအဖွဲ့တွေရှိတဲ့ နေရာဒေသတွေမှာဆိုရင် Cycle of violence ပေါ့နော် အကြမ်းဖက်မှု သံသရာကလည်တတ်တယ်။ ဒီအကြမ်းဖက်မှု သံသရာလည်တဲ့ဟာကို ကျွန်မတို့နောက်ထပ် မျိုးဆက်ပေါ့ တော်လှန်ရေးကို ရှေးရှုတဲ့အစုအဖွဲ့မှန်ရင် ဒီ Violence Cycle ကိုရပ်တန့်ဖို့စဉ်းစားရမယ် ” လို့ သုံးသပ်ပါတယ်။

နွေဉီးတော်လှန်ရေးဟာ မတရားမှုကို တော်လှန်နေတာဖြစ်တာကြောင့် စစ်ကောင်စီရဲ့ စစ်ရာဇဝတ်မှုအပါအဝင် ရာဇဝတ်မှုအားလုံးကို တချိန်မှာ တာဝန်ခံခိုင်းဖို့ ဝိုင်းဝန်းပြင်ဆင်နေကြတဲ့နည်းတူ တော်လှန်ရေးအင်အားစုတွေဘက်က ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကိုလည်း ခိုင်လုံတဲ့သက်သေအထောက်အထားမရှိဘဲ  ပြစ်ဒဏ်ကနေ လွတ်ငြိမ်းခွင့်မပြုဖို့ လိုအပ်တယ်လို့ DNA က မေးမြန်းခဲ့တဲ့ လူ့အခွင့်အရေးလှုပ်ရှားသူတွေနဲ့ ဉပဒေပညာရှင်တွေက ဆိုကြပါတယ်။

NUG ရဲ့ လူ့အခွင့်အရေးဝန်ကြီးဌာနက ဇန်နဝါရီလ ၂၇ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်မှာလည်း “ မြန်မာနိုင်ငံပြည်သူများအနေဖြင့် အပြစ်ရှိသူအား အပြစ်ပေးမှုမှ ကင်းလွတ်နေခြင်းအား ရပ်တန့်ပြီး ကျူးလွန်သူများကို တာဝန်ခံမှုရှိစေခြင်း၊ ကျူးလွန်ခံရသူများနှင့် ၎င်းတို့မိသားစုဝင်များအတွက် တရားဥပဒေဖော်ဆောင်မှုများ ပေါ်ပေါက်လာမည်ဟု မျှော်လင့်အပ်ပါသည် ” လို့ဖော်ပြပါရှိပါတယ်။

စစ်အာဏာသိမ်းပြီး တနိုင်ငံလုံးမှာ အာဏာသိမ်းစစ်တပ်က ဖမ်းဆီးသတ်ဖြတ်တာကြောင့် ဖေဖော်ဝါရီလ ၈ ရက်အထိ လူဦးရေ ၂၉၆၄ ဦးရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ထားပါတယ်။

တနိုင်ငံလုံးမှာ အကြမ်းဖက်မှုကြောင့် ဝန်ထမ်းနဲ့ အရပ်သား ၅၄၄၃ ဦးသေဆုံးခဲ့ပြီး PDFနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ကျူးလွန်တာလို့ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်က ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃၁ ရက်ကကျင်းပတဲ့ အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီအစည်းအဝေးမှာ စွပ်စွဲပြောဆိုထားတာလည်းရှိပါတယ်။

မသဉ္ဇာရွှန်းလဲ့ရည်ကတော့ တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်နဲ့ အမှန်တကယ် မတရားမှုကိုတော်လှန်တဲ့ တော်လှန်ရေးဖြစ်စေဖို့အတွက်ဆိုရင် “ မြန်မာနိုင်ငံမှာဆိုရင် ခွဲခြားဆက်ဆံခံရမှု သံသရာရှိတယ်။ နောက်တစ်ခါ အကြမ်းဖက်မှု သံသရာရှိတယ်။ နောက်ဒီ ပြစ်ဒဏ်ကင်းလွတ်ခွင့် သံသရာပေါ့နော် ဒါတွေက အချင်းချင်း အသိုင်းဝိုင်းအလိုက်မှာ နစ်ဝင်နေတယ်။ ဒါတွေကိုရပ်တန့်မှသာလျှင် ကျွန်မတို့တော်လှန်ရေးရဲ့ ရည်မှန်းချက်ကိုရောက်မယ်။ မဟုတ်ရင် ကျွန်မတို့ ဒီထဲမှာတင်နစ်မွန်းသွားပြီးတော့ တော်လှန်ရေးပန်းတိုင်ကို အရောက်လှမ်းဆွတ်နိုင်ဖို့ဆိုတာ မလွယ်ဘူးပေါ့နော်။ အဲ့ဒါကို ကျော်နိုင်ဖို့ ကျွန်မတို့ တော်တော်လေး ကြိုးစားရမယ် ” လို့ တိုက်တွန်းအကြံပြုထားပါတယ်။