မတ္တရာမြို့နယ် အနောက်ဖက်ရွာတွေမှာ တိုက်ပွဲတွေဖြစ်နေလို့ ဒေသခံ ထောင်ကျော် စစ်ရှောင်နေရ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ် အနောက်ဖက် ဧရာဝတီမြစ်ဘေးနားက ရွာတွေမှာ စစ်ကောင်စီနဲ့ ဒေသကာကွယ်ရေး အဖွဲ့တွေကြား တိုက်ပွဲတွေဖြစ်ပွားနေပြီး ဒေသခံထောင်ကျော် စစ်ရှောင်နေရတယ်လို့ ဒေသခံ တဦးကပြောပါတယ်။

ဒီကနေ့ ဖေဖော်ဝါရီလ ၉ ရက်နေ့ မနက်ပိုင်းက စတင်ပြီး မတ္တရာမြို့နယ် စိန်ပန်းကုန်းရွာအနီး တိုက်ပွဲဖြစ်လို့ မန္တလေးဘက်မှ စစ်ရှောင်ပြည်သူတစ်ထောင်ကျော်လောက် စစ်ကိုင်းဘက်ခြမ်း စစ်ရှောင်နေရတယ်လို့ ဆိုပါတယ်။

“ရွာတွေဖက်ကို လက်နက်ကြီးတွေနဲ့ စစ်တပ်ကပစ်ခတ်နေတာဆိုတော့ မနေရဲကြလို့ ပြေးကြတာပါ၊ဒီကနေ့မနက်ပိုင်းက စိန်ပန်းကုန်းရွာနားလေးတင် ချနေကြတယ် ” လို့ သူကဆိုပါတယ်။

လက်ရှိမှာ စစ်ကိုင်းမြို့ဖက်ခြမ်းကိုရောက်နေတဲ့ စစ်ရှောင်ပြည်သူတွေအတွက် အရေးပေါ် ရိက္ခာ နဲ့ ဆေးဝါးလိုအပ်ချက်တွေရှိနေသလို အဝတ်အထည်တွေလည်း လိုအပ်မှုတွေရှိနေတယ်လို့ သိရပါတယ်။

ဒီနေ့ မနက်ပိုင်းက မတ္တရာမြို့နယ် ပိုဝမြောက်ရွာကိုရောက်နေတဲ့ စစ်အုပ်စုက ဆင်းကုန်းရွာ နဲ့ စိန်ပန်းကုန်းရွာ ဘက်ကိုလက်နက်ကြီးတွေပစ်ခတ်နေပြီး ဆင်ကုန်းရွာထဲက ပြည်သူပိုင် အိမ်တစ်လုံး လက်နက်ကြီးကျည်ထိလို့ မီးလောင်သွားတယ်လို့ ဒေသခံတဦးကပြောပါတယ်။

အခုလအစောပိုင်းက စပြီးစစ်ကောင်စီက မတ္တရာမြို့အနီးတဝိုက်က ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး ရွာထဲစစ်ကြောင်းထိုးနေသလို ဒေသကာကွယ်ရေး အဖွဲ့တွေကလည်း ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်တာတွေ လုပ်နေတယ်လို့ မတ္တရာမြို့ခံတဦးကပြောပါတယ်။

” စစ်ကြောင်းဝင်တယ်ကြားကတည်းက ရွာမနေရဲကြလို့ ရှောင်ကြရတာပေါ့၊လက်နက်ကြီးတွေရမ်းသမ်းပစ်တာ တွေ့တဲ့လူ ပစ်သတ်ဖမ်းဆီးတာ အဲလိုတွေလုပ်နေကြတယ် ” လို့ဒေသခံ တဦးကပြောပါတယ်။