မြသွဲ့သွဲ့ခိုင် သို့မဟုတ် နွေဦးတော်လှန်းရေးရဲ့ ပထမဦးဆုံးသူရဲကောင်း

အာဏာသိမ်းမှုကို ငြိမ်းချမ်းစွာဆန့်ကျင်ခဲ့ကြသူတွေထဲမှာတဦးဖြစ်တဲ့ အသက် ၂၀ အရွယ် ဒသမတန်းကျောင်းသူ မမြသွဲ့သွဲ့ခိုင်ကိုစစ်တပ်က ပစ်ခတ်သတ်ဖြတ်ခဲ့တာ ဒီကနေ့ဆိုရင် ၂ နှစ်ပြည့်မြောက်ပြီဖြစ်ပါတယ်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ရက် စစ်တပ်က အာဏာသိမ်းအပြီး အာဏာရှင်ဆန့်ကျင်ရေးလူထုလှုပ်ရှားမှုကို အကြမ်းဖက်ဖြိုခွင်းရာမှာပထမဦးဆုံးကျဆုံးခဲ့တဲ့သူလည်းဖြစ်ပါတယ်။

စစ်တပ်က မဲစာရင်းအကြောင်းပြပြီးအာဏာသိမ်းတာကိုတနိုင်ငံလုံးက  ငြိမ်းချမ်းစွာဆန့်ကျင်ကြတဲ့အထဲမှာ အစိုးရရုံးအဖွဲ့နဲ့ စစ်တပ်ဌာနချုပ်တည်ရှိတဲ့ နေပြည်တော်ဟာလည်း ကျန်ရစ်မနေခဲ့ပါဘူး။

စစ်အာဏာသိမ်းအပြီး ဖေဖော်ဝါရီလ ၈ ရက်မှာတော့ နေပြည်တော်က အာဏာသိမ်းမှုကို ငြိမ်းချမ်းစွာဆန့်ကျင်တဲ့သူတွေဟာ နေပြည်တော်က ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ရှိတဲ့ သပြေဝိုင်းအဝိုင်းကို ပိတ်ဆို့ခဲ့ကြပါတယ်။

ဆန္ဒပြသူတွေဟာ အဲဒီဗိုလ်ချုပ်ကြေးရုပ်ရှိတဲ့သပြေကုန်းအဝိုင်းကိုဖြတ်ပြီး  ရုံးတက်ကြမယ့် နိုင်ငံဝန်ထမ်းတွေကို ရုံးမတက်ပဲ အာဏာဖီဆန်ကြဖို့တောင်းဆိုခဲ့ကြတာပါ။

ဖေဖော်ဝါရီလ ၉ ရက်မှာတော့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့က ဆန္ဒပြသူတွေကို ရေကားတွေနဲ့ ထိုးပြီးရာဘာကျဉ်တွေနဲ့ ပစ်ခတ်ကာ လူစုခွဲဖို့ကြိုးစားခဲ့ပါတယ်။

‘’ပထမတော့ ရဲတွေက ရာဘာကျဉ်နဲ့ပစ်တယ်။ ရေကားနဲ့ လူူစုခွဲဖို့ကြိုးစားတယ်။ နေ့လည်တနာရီဝန်းကျင်မှာပဲ အဲဒီကောင်မလေး(မြသွဲ့သွဲ့ခိုင်)ကျဉ်အစစ်အပစ်ခံရတယ်ဆိုတာ သိတယ်’’ လို့ အဲဒီအချိန်က သပြေကုန်းအဝိုင်းဆန္ဒပြပွဲမှာပါဝင်ခဲ့တဲ့ အမည်မဖော်လိုသူတဦးက ပြောပါတယ်။

မမြသွဲ့သွဲ့ခိုင်ဟာ အပစ်ခံရချိန်မှာ ရဲတပ်ဖွဲ့က တားဆီးထားတဲ့ စည်းသုံးစည်းရဲ့ အပြင်ဘက်မှာသာရှိနေခဲ့တာပါ။

ပျဉ်းမနားနဲ့နေပြည်တော်ကိုဆက်သွယ်ထားတဲ့ တောင်ညိုလမ်းပေါ်က ဗိုလ်ချုပ်ကြေးရုပ်အဝိုင်းကို ကျောပေးထားတဲ့ စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့ကအရာရှိတဦးက သူတို့နဲ့ မျက်နှာချင်းဆိုင်ဘယ်ဘက်အခြမ်းက ကားမှတ်တိုင်မှာ ရပ်နေတဲ့ မြသွဲ့သွဲ့ခိုင်ကို သေနက်နဲ့ အသေအချာချိန်ပြီး ပစ်ချလိုက်တာကို အဲဒီတုန်းက ဓာတ်ပုံမှတ်တမ်းတချို့အရသိရပါတယ်။

အဲဒီရဲအရာရှိပစ်လိုက်တဲ့ ကျဉ်ဆန်ဟာ ကားမှတ်တိုင်မှာ ဆိုင်ကယ်စီးဦးထုပ်ဆောင်းပြီးရပ်နေတဲ့ မမြသွဲ့သွဲ့ခိုင်ရဲ့ ဦးခေါင်းကို တိုက်ရိုက်ထိမှန်ပြီးနောက်ပြန်လန်သွားတဲ့ ဗီဒီယိုဖိုင်အပိုင်းအစလေးကလည်း အဲဒီတုန်းက မြန်မာပြည်သူအများအပြားကို စိတ်ဆိုးဒေါသထွက်စေခဲ့ပါတယ်။

ဆိုင်ကယ်စီးဦးထုပ်ကို ဖောက်ပြီး ဦးခေါင်းထဲကို မှန်တဲ့ မမြသွဲ့သွဲ့ခိုင်ကို နေပြည်တော်ကုတင် ၁၀၀၀ ဆေးရုံ အရေးပေါ်ကုသဆောင်မှာ ဆရာဝန်တွေက အောက်စီဂျင်ပိုက်နဲ့ အသက်ကယ်ဖို့ကြိုးစားခဲ့ပေမယ့် ၁၀ ရက်အကြာ ဖေဖော်ဝါရီလ ၁၉ ရက်မှာ ကျဆုံးသွားခဲ့ရတာပါ။

ကျဆုံးသွားတဲ့ မမြသွဲ့သွဲ့ခိုင်ရဲ့ အလောင်းကို ဖေဖော်ဝါရီလ ၂၁ ရက်မှာတော့ နေပြည်တော်ကုတင် ၁၀၀၀ ဆေးရုံကနေ ကွေ့ကြီးသုသန်ကိုမြေချဖို့ပို့ဆောင်ခဲ့ရာမှာသောင်းနဲ့ချီတဲ့ လူထုကြီးက မော်တော်ကားတွေ၊ မော်တော်ဆိုင်ကယ်တွေနဲ့ပို့ဆောင်ခဲ့ကြပြီး စစ်အာဏာရှင်ကို ဆန့်ကျင်ပြခဲ့ကြပါတယ်။

အာဏာသိမ်းစစ်ကောင်စီကတော့ သူတို့တပ်ဖွဲ့ဝင်တွေဟာ ကျဉ်ဆန်အစစ်အသုံးပြုခဲ့တာမဟုတ်ပဲ ရာဘာကျဉ်ကိုသာအသုံးပြုခဲ့တာဖြစ်လို့ အခြားပြင်ပလက်နက်တစုံတရာကြောင့်ဖြစ်နိုင်တယ်လို့ ပြောခဲ့ပြီး ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးနေတယ်လို့ ထုတ်ပြန်ခဲ့ပါသေးတယ်။

ကုလသမဂကလည်း စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ အာဏာသိမ်းမှုအပေါ် ဆန့်ကျင်တဲ့ပြည်သူတွေကို အကြမ်းဖက်လုပ်ဆောင်မှုတွေကို စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ တနိုင်ငံလုံးအနှံ့ဆန့်ကျင်နေတဲ့ တော်လှန်ရေးအင်အားစုတွေနဲ့ပြည်သူတွေကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်တာ၊ လက်နက်ကြီးတွေနဲ့ပစ်ခက်တာ၊ ကျေးရွာတွေသာမက ဘာသာရေးအဆောက်အအုံတွေကိုပါ မီးရှိ့ဖျက်ဆီးနေပါတယ်။

၂၀၂၀၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက် စစ်တပ်က မတရားအာဏာသိမ်းတာကို ဆန့်ကျင်တဲ့ နွေဦးတော်လှန်ရေးကာလအတွင်းကျဆုံးသူတွေဟာ ဖေဖော်ဝါရီလ ၈ ရက်အထိစုစုပေါင်း ၂၉၆၄ဦး၊ ဖမ်းဆီးခံထားရသူ ၁၃၈၅၆ဦးရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPPက ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် AAPP ရဲ့ မှတ်တမ်းတွေအရ စစ်အာဏာသိမ်းပြီးနောက်ပိုင်း၂နှစ်အတွင်း စစ်ကောင်စီက ပုံစံမျိုးစုံနဲ့ဖမ်းဆီးထားတဲ့အမျိုးသမီးပေါင်း ၃၆၀၀ ကျော်ရှိပြီး စစ်တပ်ရဲ့ဖိနှိပ်ပစ်ခတ်မှုကြား အမျိုးသမီး အယောက် ၄၀၀ နီးပါး သေဆုံးခဲ့တာကိုတွေ့ရပါတယ်။

ဒါ့အပြင် ထင်ရှားတဲ့နိုင်ငံရေးသမားတွေဖြစ်တဲ့  ဒီချုပ်ကိုယ်စားလှယ်ဟောင်းကိုဖြိုးဇေယျာသော်နဲ့ ၈၈ မျိုးဆက်ကျောင်းခေါင်းဆောင် ကိုဂျင်မီအပါအဝင် လေးဦးကိုသေဒဏ်စီရင်ခဲ့ပါတယ်။

စစ်ကောင်စီအကျဉ်းထောင်တွေထဲမှာ သေဒဏ်ချမှတ်ခံထားရသူ ၁၀၁ ဦး၊ မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ ၄၂ ဦးလည်းရှိပါသေးတယ်။

စစ်အာဏာသိမ်းပြီး ၂နှစ်ပြည့်တဲ့ အချိန်အထိ တနိုင်ငံလုံးမှာစစ်ဘေးရှောင် ဦးရေ နှစ်သန်းနီးပါးရှိလာပြီး စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့တဲ့  နေအိမ်ပေါင်း၃၅၀၀၀ ထက်မနည်းရှိနေပါတယ်။