စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတဝန်းစစ်ကောင်စီကို ဆန့်ကျင်တွန်းလှန်နေပြီး မငြိမ်မသက်မှုတွေဖြစ်နေချိန်မှာ ဧရာဝတီတိုင်းဒေသကြီးက တည်ငြိမ်အေးချမ်းနေပြီး ဘက်ပေါင်းစုံကောင်းမွန်နေတဲ့အနေအထားဖြစ်နေလို့ ကျေနပ်မှုရှိတယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကပြောပါတယ်။
ဧရာဝတီတိုင်းဒေသကြီးဟာ ကျောင်းတက်သူရာခိုင်နှုန်းအများဆုံးဖြစ်သလို အောင်ချက်လည်းကောင်းနေပြီးဘက်ပေါင်းစုံက ကောင်းမွန်တဲ့အနေအထားဖြစ်နေတဲ့အတွက် အားကိုးရတယ်လို့လည်း မနေ့ ဖေဖော်ဝါရီ၈ရက်နေ့ကစစ်ကောင်စီလက်အောက်ခံ တိုင်းဒေသကြီးအစိုးရနဲ့တွေ့ဆုံချိန်ပြောကြားခဲ့တာပါဖြစ်ပါတယ်။
ဒါ့အပြင် စစ်ကောင်စီလက်အောင်ခံတိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ သတင်းလုံခြုံမှုမကျိုုးပေါက်အောင် သတိထားဖို့ကိုလည်း စစ်ခေါင်းဆောင်က သတိပေးပြောကြားသွားပါသေးတယ်။
မနေ့က စစ်ခေါင်းဆောင် ပုသိမ်မြို့ကိုရောက်ချိန်မှာလည်း ဧရာဝတီတိုင်းဒေသကြီးမှာ လုံခြုံရေးတင်းကျပ်နေသလို လမ်းအသစ်ပြင်ဆင်မှုတွေလုပ်ပြီး တမြို့လုံးကို ၂၄ နာရီမီးပေးထားတယ်လို့လည်း မြို့ခံတွေရဲ့ပြောပြချက်အရသိရပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဧရာဝတီတိုင်းဒေသကြီးက အစိုးရအဖွဲ့တချို့နဲ့ NLD ပါတီထိပ်ပိုင်းခေါင်းဆောင်တွေကို စစ်ကောင်စီကဖမ်းဆီးခဲ့သလို စစ်တပ်ကိုဆန့်ကျင်တဲ့တော်လှန်ရေးအင်အားစုတွေကိုလည်း နှစ်ရှည်ထောင်ဒဏ်တွေချမှတ်ထားပါတယ်။
လက်ရှိအချိန်ထိလည်း ဧရာဝတီတိုင်းအစိုးရအဖွဲ့လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးကိုစစ်ကောင်စီကဖမ်းဆီးထားသလို တိုက်ပိတ်ထားတဲ့အခြေအနေဖြစ်နေတဲ့အကြောင်းအကျဉ်းထောင်နဲ့ နီးစပ်သူတွေက DNA ကိုပြောဆိုထားပါတယ်။
တဖက်မှာလည်း တော်လှန်ရေးအင်အားစုတွေရဲ့ နန်းထိုက်အောင်စစ်ဆင်ရေးက ဧရာဝတီတိုင်းအတွင်းကစစ်ကောင်စီလက်အောက်ခံတွေရှိရာကို ပစ်ခတ်ဖောက်ခွဲမှုတွေဆက်လုပ်တာတွေလည်း မြို့ခံတွေရဲ့ပြောပြချက်နဲ့ အဖွဲ့တွေရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။
စစ်အာဏာသိမ်းတာ ၂နှစ်ပြည့်တဲ့ကာလမှာလည်း စစ်ကောင်စီက တိုင်းဒေသကြီး၄ခုက မြို့နယ် ၃၇ မြို့နယ်ကို စစ်အုပ်ချုပ်ရေးကြေညာခဲ့ပြီး အဲဒီထဲမှာတော့ဧရာဝတီတိုင်းကမြို့နယ်တွေမပါဝင်ခဲ့တာကိုတွေ့ရပါတယ်။