ထီးလင်း PDF က စစ်သားနှစ်ဦးနဲ့ အမျိုးသမီးတဦးကို ဖမ်းမိ၊ထွက်ပြေးလို့ပစ်ခတ်ရာမှာ သေဆုံး တယ်လို့ဆို

စစ်ကိုင်းတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်ထဲက ကျေးရွာတရွာမှာ အရပ်သားအသွင်ယူလာတဲ့ စစ်ကောင်စီ ထောက်လှမ်းရေး သုံးဦးကို စစ်ဆေးဖမ်းမိပြီးနောက် ထွက်ပြေးဖို့ကြိုးစားလို့ ပစ်ခတ်ရာက သုံးဦးလုံး သေဆုံးသွား တယ်လို့ PDF ဂန့်ဂေါခရိုင်တပ်ရင်း တခုဖြစ်တဲ့ YRA က ထုတ်ပြန်ပါတယ်။

“မာရှယ်လောထုတ်ပြီးကတည်းက ကျွန်တော်စစ်ဆေးရေးဂိတ်တွေကို လူစိမ်းဆိုရင် သေချာစစ်ဆေးဖို့မှာ ထား တယ်၊ဒီလိုစစ်ဆေးတာမှာ ထီးလင်းတပ်မ (၅၅) ကဆိုတာပေါ်ပေါက်တာပါ” လို့ YRA စစ်ဦးစီး သခင်ဇော်က DNA ကို ပြောပါတယ်။

YRA တပ်ဖွဲ့ရဲ့ စစ်ဆေးရေးဂိတ်တခုအနီး ဒီကနေ့မနက် ရှစ်နာရီဝန်းကျင်မှာ ဖြတ်သန်းလာသူသုံးဦးကို ရှာဖွေ စစ် ဆေးရာက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဖြစ်ကြောင်း ပေါ်ပေါက်ခဲ့တာလို့ဆိုပါတယ်။ဖမ်းမိသူတွေဟာ အမျိုးသမီးတ ဦးနဲ့ အ မျိုးသားနှစ်ဦးဖြစ်ပြီး အမျိုးသားနှစ်ဦးက ထီးလင်းတပ်မ(၅၅)က စစ်သားတွေဖြစ်ပြီး အမျိုးသမီးကတော့ ပျူစောထီး အဖွဲ့ဝင်လို့ဆိုပါတယ်။

 “လူစိမ်းသုံးဦးကျေးရွာတရွာအနီးမှာတွေ့တယ်သတင်းရလို့ အနီးဆုံးစစ်ဆေးရေးဂိတ်က ရဲဘော်တွေက သွားရှာတဲ့အခါမှာဖမ်းဆီးရမိတာပါဗျ၊ဖမ်းပြီး စစ်မေးကြည့်တဲ့အခါမှာ အစကတော့ မိန်းမခိုးပြေးလာတာပါဆိုပြီး နေရပ် လိပ်စာတွေ လိမ်ဖြေတယ်ဗျ၊ ကျွန်တော်တို့ စစ်ဆေးမေးမြန်းပြီးလို့ နေရာရွှေ့မယ်၊ ခေါ်သွားတော့မယ်လုပ်ချိန်မှာ ထွက်ပြေးလို့ပစ်ခတ်ခဲ့တာပါ’’ လို့ Yaw Revolution Army-ထီးလင်းပြန်ကြားရေးတာဝန်ခံကိုကောင်းက DNA ကိုပြောပါတယ်။

အဲဒီသုံးဦးကို ဘယ်နေရာမှာ ဖမ်းဆီးရမိတယ်ဆိုတာကိုတော့လုံခြုံရေးအရ မပြောပေမယ့် သေဆုံးသူ သုံး ဦးစလုံး ကို ကောင်းမွန်စွာသဂြိုဟ်ပေးခဲ့တယ်လို့လည်း ကိုကောင်းက ဖြည့်စွက်ပြောပါတယ်။ ထီးလင်းအထိုင်တပ်ရင်း ခမရ ၅၅ ဟာ တပတ်ကို အနည်းဆုံးတကြိမ် ထီးလင်းမြို့နယ်ထဲက သရခါ၊ ထန်းပင်ကုန်း၊ တောရောင်း၊ ကျားခဲ၊ ပါးမျဉ်း စတဲ့ ကျေးရွာတွေကနေ ရိက္ခာထွက်လုနေတဲ့ တပ်ရင်းဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

“သူတို့ကိုဖမ်းဆီးပြီးတော့ ကောင်းကောင်းမွန်မွန်ပဲ၊ငါတို့ကိုကြောက်စရာမလိုဘူး၊ကြိုးဖြေပေးမယ်၊ ထမင်းကျွေး မယ်၊ထွက်မပြေးနဲ့ ဆိုပြီး သူတို့နဲ့သဘောတူညီချက်ယူပြီး ထမင်းကျွေး၊ ဒီတိုင်းပဲအေးဆေးနေဖို့ထားတာပါ၊ အဲလို ထားတာမှာထွက်ပြေးတော့ ပစ်ခတ်ဖမ်းဆီးတယ်၊တဦးကတော့ သေနတ်ဒဏ်ရာကိုဆေးသကုမှုပေးသေးတယ်။ မရတော့တာ” လို့YRA စစ်ဦးစီး သခင်ဇော်ကပြောပါတယ်။

သေဆုံးသွားတဲ့စစ်ကောင်စီစစ်သားနှစ်ဦးဟာ ထီးလင်းမြို့ ခ.လ.ရ (၅၅) ကလို့ဝန်ခံပေမယ့် နယ်မြေထဲကိုရောက် လာတဲ့ ရည်ရွယ်ချက်ကိုတော့ ထုတ်ဖော်ပြောဆိုတာမျိုးမရှိဘူးလို့ဆိုပါတယ်။ သေဆုံးသူသုံးဦးလုံးကို ဗုဒ္ဓဘာ သာထုံးစံအတိုင်း သင်္ဂြိုလ်ပြီး အမျှအတမ်းပေးဝေခဲ့တယ်လို့ဆိုပါတယ်။