ပခုက္ကူ-ရေစကြိုလမ်းမှာ စစ်ကားနှစ်စီးကို PDF တိုက်ခိုက်တာမှာ ဆယ်ဦးသေဆုံး၊ လက်နက် ၇ လက် ရရှိတယ်လို့ထုတ်ပြန်

မကွေးတိုင်း၊ ပခုက္ကူ-ရေစကြိုလမ်းမှာ စစ်ကောင်စီစစ်ယာဉ်နှစ်စီးကို ဒီလ ၄ ရက်က ပြည်သူ့ကာကွယ်ရေးတပ်၊ ပခုက္ကူခရိုင်တပ်ရင်း ၃ က တိုက်ခိုက်ခဲ့တာ ၁၀ ဦးသေဆုံးတယ်လို့ ဒေသခံတွေနဲ့ အဲဒီတပ်ရင်းကေ ပြာပါတယ်။

‘’တိုက်ပွဲက ငါးမိနစ်ဝန်းကျင်ပဲကြာတယ်။ ကျနော်တို့ဘက်က အထိအခိုက်မရှိပါဘူး’’ လို့ ပခုက္ကူခရိုင် တပ်ရင်း ၃ က တာဝန်ရှိသူတဦးက ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီး ၁၄ ဦးပါလာတဲ့ ယာဉ်နှစ်စီးကို ပခုက္ကူ-ရေစကြိုကားလမ်းပေါ်က စက်သုံးဆီဆိုင်တဆိုင်ရှေ့မှာ PDF တွေက တိုက်ခိုက်ခဲ့ပြီးပျူစောထီးခေါင်းဆောင်ဖြစ်တဲ့ ဟင်္သာကျေးရွာက အောင်နိုင်မိုးလည်း သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

‘’ပျူစောထီးခေါင်းဆောင်အောင်နိုင်မိုးတို့အဖွဲ့အပစ်ခံရပြီးသေတယ်ဆိုတာ ဟုတ်တယ်’’ လို့ ဒေသခံတဦးက ပြောပါတယ်။

ငါးမိနစ်ဝန်းကျင်သာကြာမြင့်တဲ့ ပစ်ခတ်မှုဖြစ်စဉ်မှာ စစ်ကောင်စီဘက်က ၇ ဦးနေရာမှာတင်သေဆုံး၊ ၃ဦးက ဆေးရုံမှာထပ်မံသေဆုံးကာ ဒဏ်ရာရသူ ၃ ဦးနဲ့ တဦးသာ ဒဏ်ရာမရပဲလွတ်မြောက်တယ်လို့ ပခုက္ကူခရိုင်တပ်ရင်း ၃ က ထုတ်ပြန်ပါတယ်။

ဒါ့အပြင် စစ်ကောင်စီကားတစီး၊ သေနက် ၇ လက်၊ လက်ပစ်ဗုံး ၃ လုံး၊ ၄၀ မမ ဗုံးသီး ၄ လုံး၊ ကျဉ်ဆံ ၁၀၀ နီးပါးနဲ့ စစ် ဝတ်စုံအချို့လည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

ဒေသခံပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို အားပေးကူညီတာ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ အနီးကပ် နေထိုင်သွားလာမလုပ်ဖို့ကိုလည်း တပ်ရင်း ၃ က မေတ္တာရပ်ခံထားပါတယ်။