လွိုင်ကော်-မော်ချီးလမ်းမှာခရီးသွားယာဉ်မိုင်းထိပြီး လေးဦးသေ၊ ဒဏ်ရာရသူနှစ်ဦး စိုးရိမ်ရ

ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ လွိုင်ကော်- မော်ချီးအသွားလမ်းပိုင်းသဲဖြူကွင်းအနီးမှာဒီကနေ့မွန်းလွဲပိုင်းက  ခရီးသွားယာဉ်တစီး မိုင်းထိမှန်ပြီး ခရီးသည် အမျိုးသားလေးဦးသေဆုံးပြီးနှစ်ဦး အပြင်းအထန်ဒဏ်ရာရရှိတယ်လို့  ကယ်ဆယ်ရေး အဖွဲ့တွေကပြောပါတယ်။

‘’လေးဦးကတော့တော်တော်ဆိုးဆိုးဝါးဝါးသေဆုံးသွားကြတယ်။ ဒဏ်ရာရတဲ့ သူနှစ်ယောက်ကတော့ လုံးဝသတိမရသေးဘူး” လို့ ရွှေလွိုင်ကော် ပရဟိတ အသင်းတာဝန်ရှိသူက ဆိုပါတယ်။

ပေါက်ကွဲမှုကြောင့် ခရီးသွားယာဉ်ပေါ်ပါ ယာဉ် မောင်းအပါအဝင် ခရီးသွားခြောက်ဦးအနက် လေးဦးသေဆုံးပြီး ဒဏ်ရာရတဲ့နှစ်ဦးကလည်း စိုးရိမ်ရတယ်လို့ လည်း ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။

သေဆုံးသူတွေဟာ ဒေသခံတွေမဟုတ်ပဲ မော်ချီးကို အလုပ်လုပ်ကိုင်ဖို့ ခရီးသွားသူတွေ ဖြစ်တဲ့အတွက် ဘယ်သူဘယ်ဝါဆိုတာ အတည်ပြုလို့မရ သေးဘူး လို့လည်း သိရပါတယ်။

အဲဒီခရီးသည်တင်ယာဉ်ဟာ ထောင်ထားတဲ့ မြေ မြှပ်မိုင်းအကြီးစားကို နင်းမိပြီး ပေါက်ကွဲခဲ့ တာဖြစ်ပြီး ကားတစီးလုံးပျက်စီးသွားတဲ့အပြင် သေဆုံးသူတွေရဲ့ ရုပ်အလောင်းကို ရှာဖွေ ကယ် ဆယ်သူတွေကလိုက်လံရှာဖွေကောက်ယူခဲ့တယ်လို့လည်းကယ်ဆယ်ရေးအဖွဲ့တွေကပြောပါတယ်။

လက်ရှိဆေးရုံတက်နေရသူနှစ်ဦးကတော့စိုးရိမ်ရတဲ့ဒဏ်ရာရထားပြီးအခုအချိန်အထိမေ့မြောနေတဲ့အတွက် မိသားစုဝင်တွေနဲ့ အဆက်အသွယ်ရဖို့ ဆောင်ရွက်ပေးနေတယ်လို့လည်းသိရပါတယ်။

အဲဒီကားမိုင်းကို ဘယ်အဖွဲ့က ထောင်တယ်ဆိုတာ ကိုတော့ DNA အနေနဲ့ အတည်မပြုနိုင်သေးပါဘူး။ ပေါက်ကွဲမှုဖြစ်ပြီးနောက် လွိုင်ကော်အခြေစိုက် စစ် ကောင်စီတပ်ကတော့အဲ့ဒီနေရာကို အင်အားအ များ အပြားနဲ့လာရောက် စစ်ဆေးခဲ့တယ်လို့ သိရပါ တယ်။