ပါကစ္စတန်ရဲ့ အာဏာသိမ်း စစ်ခေါင်းဆောင်ဟောင်း၊ သမ္မတဟောင်း မူရှာရက်ဖ် ကွယ်လွန်

ပါကစ္စတန်ရဲ့ အာဏာသိမ်း စစ်တပ် အကြီးအကဲဟောင်းနဲ့ သမ္မတဟောင်း ပါဗက်ဇ် မူရှာရက်ဖ်ဟာ အသက် ၇၉ နှစ် အရွယ်မှာ နာတာရှည် ရောဂါနဲ့ ကွယ်လွန်သွားကြောင်း သိရပါတယ်။

 ဖေဖော်ဝါရီ ၅ ရက်က အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး)နိုင်ငံက ဒူဘိုင်း အမေရိကန် ဆေးရုံမှာ မူရှာရက်ဖ် ကွယ်လွန်သွားတယ်လို့ ပါကစ္စတန် စစ်တပ်က ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။ မူရှာရက်ဖ်ဟာ နာမကျန်းဖြစ်ပြီး အဲဒီဆေးရုံမှာ တက်ရောက် ကုသမှု ခံယူနေခဲ့ရတာ အတော်ကြာခဲ့ပါပြီ။

 ပါကစ္စတန် စစ်ဘက် ခေါင်းဆောင်တွေက မူရှာရက်ဖ် ကွယ်လွန်မှုအတွက် မိသားစုနဲ့ထပ်တူ ဝမ်းနည်းကြောင်း အသီးသီး ကြေညာခဲ့ကြပါတယ်။ စစ်တပ်ရဲ့ ထုတ်ပြန်ချက်မှာလည်း ဗိုလ်ချုပ်ကြီး မူရှာရက်ဖ် ကွယ်လွန်မှုအတွက် အထူးတလည် ကြေကွဲမိကြောင်း ဖော်ပြထားပါတယ်။ ပါကစ္စတန် နိုင်ငံရေးသမား တချို့ကလည်း မူရှာရက်ဖ်အတွက် ဝမ်းနည်းကြောင်းနဲ့ ဂုဏ်ပြုချီးကျူးမှု ကြေညာချက်တွေ အသီးသီး ထုတ်ပြန်ခဲ့ကြတာ တွေ့ရပါတယ်။

 လက်ရှိ ပါကစ္စတန် ဝန်ကြီးချုပ် ရှာဘက်ဇ် ရှာရစ်ဖ်က မူရှာရက်ဖ်ရဲ့ မိသားစုနဲ့ ထပ်တူ ကြေကွဲ ဝမ်းနည်းကြောင်း ပြောပါတယ်။ မူရှာရက်ဖ်ဟာ ရှာရစ်ဖ်ရဲ့ အစ်ကိုဖြစ်သူ နာဝက်ဇ်ရှာရစ်ဖ် ဝန်ကြီးချုပ် တာဝန်ယူနေချိန် ၁၉၉၉ ခုနှစ်မှာ စစ်တပ် အကြီးအကဲ အနေနဲ့ အာဏာသိမ်းခဲ့တာ ဖြစ်ပါတယ်။

 ဖက်ဒရယ် အစိုးရဆီကနေ စစ်တပ်က အောင်အောင်မြင်မြင် အာဏာသိမ်းနိုင်ခဲ့တဲ့နောက် မူရှာရက်ဖ်ဟာ ၂၀၀၁ ခုနှစ်မှာ သူ့ကိုယ်သူ သမ္မတအဖြစ် ခန့်အပ်ခဲ့ပြီး စစ်တပ်ရဲ့ အကြီးအကဲ နေရာကိုလည်း မစွန့်လွှတ်ခဲ့ပါဘူး။ သူဟာ ၂၀၀၈ ခုနှစ်အထိ သမ္မတ ရာထူးကို ဆုပ်ကိုင်ထားခဲ့ပါတယ်။

 အမေရိကန်မှာ 9/11 အကြမ်းဖက် တိုက်ခိုက်မှုတွေ ကြုံတွေ့ခဲ့ပြီးတဲ့နောက် မူရှာရက်ဖ်ဟာ အမေရိကန်ရဲ့ အဓိက မဟာမိတ်တစ်ဦး ဖြစ်လာသလို အစွန်းရောက် အစ္စလာမ်မစ် အကြမ်းဖက်မှုတွေ တိုက်ဖျက်ရေးမှာလည်း သူက တက်တက်ကြွကြွ ပါဝင် လှုပ်ရှားခဲ့ပါတယ်။

 ဒါပေမဲ့ သူ့ရဲ့ အာဏာသက်တမ်း တလျှောက်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပြည်သူတွေအပေါ် ဖိနှိပ်မှုတွေ ကျူးလွန်ခဲ့ကြောင်း အငြင်းပွားစရာတွေ အများအပြားလည်း ဖြစ်ခဲ့ပါတယ်။ သူဟာ ရာထူး သက်တမ်းအတွင်းမှာ လုပ်ကြံဖို့ အားထုတ်မှု နှစ်ကြိမ် ကြုံခဲ့ဖူးပါတယ်။ ၂၀၀၇ ခုနှစ်မှာလည်း ပါကစ္စတန်ကို အရေးပေါ် အခြေအနေ ထုတ်ပြန်ပြီး တရားသူကြီးချုပ် နေရာကို လူလဲပစ်ခဲ့သလို ပြည်တွင်း ရုပ်မြင်သံကြား ဌာနတွေကို ပိတ်ပင်ပစ်ခဲ့ဖူးပါတယ်။

 အမေရိကန်ရဲ့ ဖိအားပေးမှုတွေကြောင့် သူဟာ အရေးပေါ် အခြေအနေကို ပြန်ရုပ်သိမ်းပြီး ၂၀၀၈ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ရွေးကောက်ပွဲတွေ ကျင်းပပေးခဲ့ပေမယ့် သူ့ရဲ့ ပါတီက ရလဒ်ဆိုးဆိုးရွားရွားနဲ့ အရေးနိမ့်ခဲ့သလို အဲဒီနှစ်၊ ဩဂုတ်လမှာ သူဟာ သမ္မတ အဖြစ်က နုတ်ထွက်ပေးခဲ့ရပါတယ်။

 မူရှာရက်ဖ်ဟာ ပါကစ္စတန်ကနေ ထွက်ခွာသွားပြီးနောက် ၂၀၁၃ ခုနှစ်မှာတော့ နောက်တစ်ကြိမ် ရွေးကောက်ပွဲဝင်ဖို့ ရည်ရွယ်ချက်နဲ့ နိုင်ငံကို တစ်ခေါက် ပြန်လာခဲ့ဖူးပါတယ်။ ဒါပေမဲ့ သူအာဏာရှိစဉ်က ကျူးလွန်ဖူးတဲ့ အမှုအခင်း ကိစ္စတွေနဲ့ ရှုပ်ထွေးကုန်တာကြောင့် ၂၀၁၆ ကတည်းက ဒူဘိုင်းကို ပြန်သွားပြီး အခြေချ နေထိုင်နေခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၉ တုန်းက မူရှာရက်ဖ်ကို ပါကစ္စတန် တရားရုံး တစ်ခုက နိုင်ငံတော် သစ္စာဖောက်မှုနဲ့ မျက်ကွယ်မှာ သေဒဏ်စီရင်ချက် ချမှတ်ခဲ့ဖူးပေမယ့် နောက်ပိုင်းမှာတော့ အဲဒီပြစ်ဒဏ်ကို ပြန်လည် ပယ်ဖျက်ခဲ့ပါတယ်။

 သူဟာ ဇနီးဖြစ်သူ ရှာဘာ မူရှာရက်ဖ်နဲ့အတူ သားတစ်ဦး၊ သမီးတစ်ဦး ထွန်းကားခဲ့တယ်လို့လည်း သိရပါတယ်။