ပဲခူးတိုင်း ပြည်မြို့ ဘောတံတားအနီး မှာ ဒီကနေ့ဖေဖော်ဝါရီ ၅ရက်ညနေပိုင်းက ဧရာဝတီမြစ်အတွင်းသို့ လူငယ် သုံးဦး ရေဆင်းကူးရာရေနစ်မှုဖြစ်ခဲ့ပြီး တဦးရေနစ်သေဆုံးခဲ့တယ်လို့ မြို့ခံပရဟိတအသင်းတွေကပြောပါတယ်။
အနီးအနားကလူတွေက လူငယ်၃ဦးကို ကယ်ဆယ်ရာမှာ နှစ်ဦးကိုကယ်နိုင်ခဲ့ပြီး တဦးကတော့ သေဆုံးသွားတာဖြစ်တယ်လို့ဆိုပါတယ်။
“သုံးယောက်လုံးနစ်တာ၊ ကျွန်တော်တို့အဖွဲ့တွေရောက်တော့ ပလုံကောက်တဲ့လူငယ်တွေက နှစ်ယောက်ကိုကယ်ထားနိုင်ခဲ့တယ်။ တစ်ယောက်ကမြုပ်သွားပြီ အားလုံးဝိုင်းရှာကျမှ တစ်ယောက်ကို သေဆုံးလျက် ပြန်ရှာတွေ့ခဲ့တယ်”လို့ ပရဟိတပါရမီ လူမှူကယ်ဆယ်ရေးအသင်း တာဝန်ရှိသူမှ DNA ကိုပြောပါတယ်။
ရေနှစ်သေဆုံးသူမှာ ခေတ္တရာမြို့သစ် စက်ကြီးဝန်းနောက်မှာနေထိုင်တဲ့ အသက် ၁၅နှစ်အရွယ် မောင်လှထွေး ဆိုသူဖြစ်ပြီး ရုပ်အလောင်းကို ပြည်မြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့တယ်လို့ ဆိုပါတယ်။
အခု ရေနစ်သေဆုံးမှုဖြစ်ခဲ့တဲ့နေရာဟာ မကြာခဏ ရေကူးသူတွေ ရေနစ်သေဆုံးမှုတွေရှိတယ်လို့လည်း မြို့ခံတွေကပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၆ ရက်နေ့ကလည်း အဲဒီနေရာမှာပဲ အမျိုးသားတဦးရေနစ်သေဆုံးခဲ့တယ်လို့လည်းမြို့ခံပရဟိတအဖွဲ့တွေရဲ့ပြောပြချက်အရသိရပါတယ်။