စစ်ကောင်စီက TNLA ကို လေကြောင်း၊လက်နက်ကြီးတွေနဲ့ တိုက်ခိုက်လို့ နှစ်ဘက်စစ်ရေးတင်းမာနေ

ရှမ်းပြည်မြောက်ပိုင်း လားရှို့မြို့နယ်အတွင်းက စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့က တအာင်းလူငယ်တွေကို ပြည်သူ့စစ်အဖြစ် ခေါ်ယူစုဆောင်းသွားတာကြောင့် လိုက်ကယ်တဲ့ TNLA စစ်ကြောင်းကို စစ်ကောင်စီက လေ ကြောင်းနဲ့ဗုံးကျဲတိုက်ခိုက်ခဲ့တယ်လို့ TNLA ဘက်က ထုတ်ပြန်ပါတယ်။

လားရှိုးမြို့နယ်အတွင်း လှုပ်ရှားတဲ့ ပြည်သူ့စစ်အဖွဲ့က ဒေသခံ တအာင်း လူငယ်တွေကို ပြည်သူ့စစ်အဖြစ် အင် အားစုဆောင်းသွားတာကြောင့် TNLA တပ်ဖွဲ့ဝင်တွေက လိုက်ကယ်ချိန် ဒီက နေ့ ဖေဖော်ဝါရီ ၄ရက် မနက်ပိုင်းမှာ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုလုပ်ခဲ့တာလို့ သိရပါတယ်။

စစ်ကောင်စီက လေကြောင်းကနေ ဗုံးသီးအလုံး သုံးဆယ်ကျော်ကျဲချတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ TNLA သတင်း ပြန် ကြားရေးဌာနရဲ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ပြည်သူ့စစ်အဖွဲ့က တအာင်းလူငယ်ဘယ်နှဦးကို ခေါ်သွားတယ်ဆိုတာနဲ့ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် TNLA တပ်ဖွဲ့ဝင်တွေ ထိခိုက်မှုရှိမရှိဆိုတာကိုတော့ ဖော်ပြမထားပါဘူး။အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ TNLA တာ ဝန်ရှိတွေဆီ DNA ကဆက်သွယ်မေးမြန်းဖို့ကြိုးစားပေမယ့် အဆက်အသွယ်မရသေးပါဘူး။

စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုလုပ်ပြီးနောက် ဒီကနေ့ နေ့လယ်ပိုင်းမှာလည်း TNLA တပ်တွေရှိရာ ဂျာ ယန်းကျေးရွာကို လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ လုပ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဆက်လက်ဖော်ပြထားပါတယ်။

အဲ့ဒီလို စစ်ရေးတင်းမာမှုတွေဖြစ်ခဲ့ပြီးနောက် လားရှို့မြို့အဝင် မိုင်းရန်းမှာ စစ်တပ်က ဂိတ်ပိတ်ထားတဲ့အတွက် ခရီးသွားကားတွေ အခက်အခဲဖြစ်နေတယ်လို့ ဆိုပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း အခြေစိုက် TNLA နဲ့ စစ်ကောင်စီတပ်တွေဟာ တိုက်ပွဲတွေမကြာမကြာ ဖြစ်လေ့ရှိပြီး ပြီးခဲ့တဲ့ ဇန်နဝါရီ(၉)ရက်ကလည်း TNLA ရဲ့ တပ်စခန်းတခုကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်တာ ကြောင့် အပြန်အလှန်တိုက်ပွဲဖြစ်ခဲ့ကြပါသေးတယ်။