မြန်မာစစ်တပ်က အာဏာသိမ်းခဲ့တာ ဗုဒ္ဓဟူးနေ့ (ဖေဖော်ဝါရီ ၁ ရက်)မှာ ၂ နှစ်တင်းတင်း ပြည့်ခဲ့ပါပြီ။ အနောက်နိုင်ငံတွေက အာဏာသိမ်း စစ်တပ်ရဲ့ အကြီးအကဲတွေအပေါ် ပြင်းထန်တဲ့ အရေးယူ ပိတ်ဆို့မှုတွေ သတ်မှတ် ကျင့်သုံးပြီး ဆက်လက် ဖိအားပေးနေဆဲပါ။ ဒါပေမဲ့ နိုင်ငံတကာ အသိုက်အဝန်းက ထိရောက်တဲ့ လက်တွေ့ကျကျ တုံ့ပြန်မှုတွေ မစတင်သေးသ၍ မြန်မာ့ ဒီမိုကရေစီ ပြန်လည် ထူထောင်ရေး လမ်းကြောင်းမှာ မရေရာမှုတွေ ပြည့်နှက်နေဦးမှာပါပဲ။
ဒီအတောအတွင်း အာဏာသိမ်း စစ်တပ်ဟာ ရုရှားနဲ့ ပေါင်းကူး ဆက်ဆံမှုကို သိသိသာသာ မြှင့်တင်လာခဲ့ပါတယ်။ ရုရှား ဆိုတာကလည်း ယူကရိန်းကို တရားလက်မဲ့ ကျူးကျော်ခဲ့တဲ့အတွက် နိုင်ငံတကာရဲ့ ဖယ်ကြဉ်မှုကို ခံနေရတဲ့ နိုင်ငံပါ။ ဇန်နဝါရီ ၄ ရက်က မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးနေ့အတွက် ဂုဏ်ပြုကြောင်း သဝဏ်လွှာကို ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ပေးပို့ခဲ့ရာမှာ နှစ်နိုင်ငံ အနာဂတ် ဆက်ဆံရေးတွေ ဆက်လက် မြှင့်တင်နိုင်မယ်လို့ ယုံကြည်ကြောင်း ဖော်ပြထားပါတယ်။
ရုရှားဟာ မြန်မာစစ်တပ်အတွက် စစ်လက်နက်တွေ အဓိက ထောက်ပံ့ပေးနေတဲ့ ရင်းမြစ်နိုင်ငံ တစ်ခု ဖြစ်ပါတယ်။ ဗြိတိန် အခြေစိုက် Myanmar Witness သုတေသန ဌာနရဲ့ အဆိုအရ ၂၀၂၁ ခုနှစ်မှာ ရုရှားဆီကနေ အနည်းဆုံး တိုက်လေယာဉ် ၆ စီးနဲ့ ၂၀၂၂ ခုနှစ်မှာ ၄ စီးကို မြန်မာစစ်တပ်ဆီ ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။ နောက်ပြီး အာဏာသိမ်းမှု နောက်ပိုင်း မြန်မာစစ်တပ်က လေကြောင်း တိုက်ခိုက်မှုတွေမှာ အသုံးပြုနေတဲ့ လေယာဉ် အားလုံးဟာ တရုတ်နဲ့ ရုရှားလုပ် အမျိုးအစားတွေပါ။ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ အခြေစိုက် စခန်းတွေ၊ ဒီမိုကရေစီ လိုလားတဲ့ တော်လှန်ရေး အင်အားစုတွေကို တိုက်ခိုက်ရာမှာ အဲဒီ လေယာဉ်တွေကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေတာ ဖြစ်ပါတယ်။
တရုတ်ကလည်း မြန်မာ စစ်တပ်နဲ့ ရင်းနှီးကျွမ်းဝင်တဲ့ ဆက်ဆံရေးမျိုးကို ဆက်လက် ထိန်းသိမ်းထားပြီး စစ်အာဏာရှင် အုပ်စိုးတဲ့ ကာလမှာ နေစွမ်းအင် ထုတ်လုပ်မှု အပါအဝင် အခြေခံ အဆောက်အအုံ ပရောဂျက်တွေကို ပါဝင် ရင်းနှီး မြှုပ်နှံနေပါတယ်။
အခုနှစ်မှာ အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံးဟာ မြန်မာနိုင်ငံက အကြမ်းဖက်မှုတွေ အမြန်ဆုံး ရပ်တန့်ရေးအတွက် ပိုပြီး အားထည့် တောင်းဆိုလာပါတယ်။ မြန်မာကလည်း အာဆီယံ အသိုက်အဝန်းမှာ ပါဝင်တဲ့ နိုင်ငံတစ်ခုဖြစ်ပြီး မြန်မာစစ်တပ်အပေါ် ဝေဖန် ပြစ်တင်ထားတဲ့ အင်ဒိုနီးရှား အစိုးရက လောလောဆယ်မှာ အာဆီယံ အလှည့်ကျ သဘာပတိအဖြစ် တာဝန်ယူ ဆောင်ရွက်နေပါတယ်။
တစ်ဖက်မှာတော့ ကိုယ်တိုင်က အာဏာသိမ်း စစ်ဗိုလ်ချုပ်ဟောင်းတစ်ဦး ဦးဆောင်နေတဲ့ ထိုင်းစစ်တပ်ဟာ အာဏာသိမ်း မြန်မာ စစ်ကောင်စီက ခန့်အပ်ထားတဲ့ ဝန်ကြီးတွေနဲ့ ထိတွေ့ ဆွေးနွေးမှုတွေ လုပ်ဆောင်နေပါတယ်။ ကမ္ဘောဒီးယားကလည်း မြန်မာ စစ်အာဏာရှင်တွေနဲ့ စေ့စပ်ဆွေးနွေးသူလိုလို ပုံစံမျိုး လမ်းကြောင်းထွင်ခဲ့ပြီး ဝန်ကြီးချုပ် ဟွန်ဆန်း ကိုယ်တိုင်က မြန်မာနိုင်ငံကို သွားရောက်ခဲ့ပါတယ်။ ပြီးတော့ သူက အာဏာသိမ်း မြန်မာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့လည်း တွေ့ဆုံခဲ့ပါသေးတယ်။
အာဆီယံရဲ့ ဆုံးဖြတ်ချက်တွေနဲ့ ပတ်သက်ရင် အားလုံး စုံညီသဘောတူ ပါဝင်ရေး ဆိုတာက အခြေခံ မူတစ်ခု ဖြစ်တာကြောင့် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု သိသိသာသာ တိုးတက်လာစေရေးအတွက် အာဆီယံဆီက များများစားစား မမျှော်လင့်သင့်ဘူးဆိုတဲ့ အတွေးအမြင်မျိုးက ပိုအားကောင်းလာတာ မဆန်းကြောင်း သံတမန် အသိုက်အဝန်းက ပြောပါတယ်။
ကနေဒါ၊ ဗြိတိန်၊ အမေရိကန်နဲ့ တခြားနိုင်ငံ တချို့ကတော့ မြန်မာစစ်တပ်နဲ့ ဆက်နွှယ် ပတ်သက်တဲ့ ကုမ္ပဏီတွေနဲ့ ငွေကြေး အလွှဲအပြောင်း၊ အပေးအယူ ကိစ္စတွေကို ပိတ်ပင်တားမြစ် အရေးယူထားကြဆဲပါ။ ဒါပေမဲ့ အာဏာသိမ်း စစ်အုပ်စု ထိပ်ပိုင်း ခေါင်းဆောင်တွေ အတွက်တော့ အဲဒီ အရေးယူ ပိတ်ဆို့မှုတွေက ထိခိုက်မှု ကြီးကြီးမားမား မရှိခဲ့ပါဘူး။ အနောက်နိုင်ငံတွေမှာ မြန်မာနဲ့ ပတ်သက်တဲ့ ကိုင်တွယ်မှု အပြောင်းအလဲတွေ များများစားစား မတွေ့ရပြန်ဘူး။ တစ်ဖက်မှာတော့ တရုတ်၊ အိန္ဒိယ၊ ရုရှားနဲ့ ထိုင်းတို့လို နိုင်ငံတွေဟာ အာဏာသိမ်းမှု အပြီးမှာတောင် မြန်မာနဲ့ ဆက်ပြီး လက်တွဲ အလုပ်လုပ်နေတာကြောင့် အရေးယူ ပိတ်ဆို့မှုတွေ ဘယ်လောက်လုပ်လုပ်၊ ယိုပေါက်တွေက ကျန်နေမြဲပါပဲ။ ဒါကြောင့်လည်း အရေးယူ ပိတ်ဆို့တာတွေ သတ်မှတ်ရုံနဲ့တော့ မြန်မာ စစ်ခေါင်းဆောင်တွေရဲ့ လမ်းကြောင်း သွေဖယ် ပြောင်းလဲသွားအောင် လုံလုံလောက်လောက် ဖိအားပေးနိုင်မှာ မဟုတ်ပါဘူး။
တစ်ချိန်တည်းမှာပဲ ဒီမိုကရေစီ အင်အားစုတွေက မြန်မာ့ ဒီမိုကရေစီ ကူးပြောင်းရေးအတွက် တွန်းအားပေး ကူညီဖို့ အမေရိကန် လွှတ်တော်က ပြီးခဲ့တဲ့နှစ်မှာ ဆုံးဖြတ် အတည်ပြုခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ အက်ဥပဒေအပေါ်ကို ပိုပြီး အာရုံစိုက်လာကြပါတယ်။ အဲဒီ ဥပဒေအရ အမေရိကန်ဟာ ဒီမိုကရေစီ အင်အားစုတွေ ဦးဆောင် ထူထောင်ထားတဲ့ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)နဲ့ တိုက်ရိုက် စေ့စပ် ဆွေးနွေးမှုတွေကို ပိုမို အရှိန်မြှင့် အားပေးလာမှာ ဖြစ်သလို ဒီမိုကရေစီ ထွန်းကားရေးအတွက် အထောက်အကူ ဖြစ်စေမယ့် လှုပ်ရှားမှုတွေ၊ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီတွေ ပိုမို ပေးပို့ဖို့ ပြဋ္ဌာန်းထားပါတယ်။
အာဏာသိမ်းကာလ ၂ နှစ်ပြည့်တဲ့ ဗုဒ္ဓဟူးနေ့မှာ မြန်မာ စစ်ကောင်စီက နိုင်ငံမှာ အရေးပေါ် အခြေအနေ ကြေညာမှုကို သက်တမ်း ထပ်တိုးလိုက်ပါတယ်။ သံတမန်ရေး အသိုက်အဝန်းကတော့ အဲဒီ လုပ်ရပ်ကိုက ရရာလက်နက် ဆွဲကိုင်ပြီး အစွမ်းကုန် ခုခံနေတဲ့ ဒီမိုကရေစီ အင်အားစုတွေကြောင့် စစ်ကောင်စီဟာ နိုင်ငံကို နိုင်နိုင်နင်းနင်း ကိုင်တွယ် အုပ်ချုပ်နိုင်စွမ်း မရှိဘူးဆိုတာ မြင်သာစေကြောင်း ဝေဖန် သုံးသပ်ထားကြပါတယ်။
စစ်အာဏာရှင်တွေရဲ့ ရည်ရွယ်ချက်ကတော့ အရေးပေါ် အခြေအနေ ကြေညာချက်ကို ရုပ်သိမ်းပြီးရင် (အတုအယောင်) ရွေးကောက်ပွဲတစ်ခု ကျင်းပပြီး သူတို့ရဲ့ မိတ်ဖက် ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP)ကနေတဆင့် နိုင်ငံအာဏာကို ဆက်ပြီး ထိန်းသိမ်း ချုပ်ကိုင်ဖို့ပဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ မဲဆန္ဒရှင် အားလုံးရဲ့ ၃၀ ရာခိုင်နှုန်းလောက်ဆီက ထောက်ခံမဲကို ရခဲ့တဲ့တိုင်အောင် ဖွဲ့စည်းပုံ ဥပဒေပါ ရွေးကောက်ပွဲ လုပ်ထုံးလုပ်နည်းတွေအရ လွှတ်တော် အမတ်နေရာ ၁၀ ရာခိုင်နှုန်းလောက်ကိုသာ ရရှိခဲ့ပါတယ်။ ဒါပေမဲ့ စစ်အာဏာရှင်တွေကတော့ လာမယ့် ရွေးကောက်ပွဲမှာ အချိုးက စနစ်ကို ပြောင်းလဲ ကျင့်သုံးပြီး အခွင့်အရေးယူ အမြတ်ထုတ်ဖို့ ကြံစည်နေပါတယ်။ ဇန်နဝါရီလတုန်းက အာဏာသိမ်း စစ်တပ်ဟာ ပါတီ မှတ်ပုံတင်မှု ဥပဒေ တစ်ရပ်ကိုလည်း စတင် မိတ်ဆက်ခဲ့ပါတယ်။ အဲဒီ ဥပဒေအရ နိုင်ငံရေး ပါတီတွေမှာ အနည်းဆုံး ရှိရမယ့် အဖွဲ့ဝင် ဦးရေကို အရင်က ၁၀၀၀ လို့ သတ်မှတ်ထားရာက ၁၀၀၀၀၀ ထိ တိုးမြှင့်လိုက်ပါတယ်။ အဓိပ္ပါယ်ကတော့ ရွေးကောက်ပွဲမှာ ပါတီငယ်တွေကို ဖယ်ထုတ်ဖို့ လမ်းကြောင်း ရှင်းလိုက်တဲ့ သဘောပါပဲ။
အာဏာသိမ်းလိုက်ချိန် ကတည်းက ဖမ်းဆီး ထိန်းသိမ်း ခံထားရတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်နေတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)ပါတီကတော့ စစ်ကောင်စီ ခြယ်လှယ်မယ့် ရွေးကောက်ပွဲကို အတုအယောင် တစ်ခုသာ ဖြစ်တယ်လို့ စွပ်စွဲပြီး ပါဝင် ယှဉ်ပြိုင်မှာ မဟုတ်ကြောင်း ယတိပြတ် ပြောကြားထားပါတယ်။ ဒါပေမဲ့ တကယ်လို့သာ ဥပဒေသစ်နဲ့အညီ မှတ်ပုံ မတင်ခဲ့ဘူးဆိုရင် NLD အနေနဲ့ အတင်းအကျပ် ဖျက်သိမ်းဖို့ ဖိအားပေး ခံရမယ့် အခြေအနေလည်း ရှိနေပြန်ပါတယ်။ စစ်ကောင်စီဟာ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီး ထိန်းသိမ်းထားတဲ့ အတောအတွင်း ရွေးကော်ပွဲဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေတွေကို ချိုးဖောက်တယ်ဆိုတဲ့ စွဲချက်မျိုးတွေနဲ့ ထောင်ဒဏ် ၃၃ နှစ်ထိ ချမှတ်ထားခဲ့ပါတယ်။ လောလောဆယ် ဒေါ်အောင်ဆန်းစုကြည်ဟာ နေပြည်တော် ထောင်မှာ အကျဉ်းချ ခံထားရတယ်လို့ ယုံကြည်ရပြီး သူ့ရဲ့ ရွေးကောက်ပွဲ လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ ဘာမျှော်လင့်ချက်မှ မရှိနိုင်တော့ပါဘူး။