စီဒီအမ်ဝန်ထမ်းတွေကို ပြည်ပပို့ပေးတယ်ဆိုကာ အေဂျင်စီတွေကို စစ်ကောင်စီစစ်ဆေးနေ

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး CDM လှုပ်ရှားမှုမှာပါဝင်ထားတဲ့နိုင်ငံဝန်ထမ်းတွေကို ပြည်ပမှာအလုပ်အ ကိုင်ရအောင် ပို့ဆောင်ပေးတယ်ဆိုပြီး ပြည်ပအလုပ်အကိုင်အေဂျင်စီတွေကို စစ်ကောင်စီက စစ်ဆေးနေ တယ်လို့ အေဂျင်စီတွေက ပြောပါတယ်။

“အခုဟာက အပြစ်ရှိတယ်ဆိုလဲအပြစ်ပေးပေါ့၊အဲ့လိုလဲမဟုတ်ဘူး၊အေဂျင်စီတွေကို အခုဟာက စစ်ဆေးနေတယ် ဆိုပြီးပိတ်ထားတော့ အလုပ်သမားရော ကျွန်တော်တို့ဘက်ကော ဒုက္ခရောက်ရတယ်ဗျာ၊အလုပ်သမားတွေလည်း အကုန်သောင်တင်ကုန်တယ်၊ပြောတာကတော့ စီဒီအမ်တွေပါ ပို့နေတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ စစ်နေတာ အခုထိပဲ”လို့ အမည်မဖော်လိုတဲ့ ရန်ကုန်မြို့အခြေစိုက် ပြည်ပအလုပ်အကိုင်အေဂျင်စီတာဝန်ရှိ သူတဦးက ပြော ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းအပြီးမှာ နိုင်ငံဝန်ထမ်း ဆရာဝန်တွေ၊ သူနာပြုတွေ၊ ကျောင်းဆရာ၊ ဆရာမတွေ၊ မီးရထားဝန်ထမ်းစတဲ့ သိန်းနဲ့ချီတဲ့ နိုင်ငံဝန်းတွေဟာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေး ယန္တရားကို ကျောခိုင်းခဲ့ကြတာပါ။

အဲဒီထဲက ပြည်ပမှာ အလုပ်လုပ်ကိုင်ဖို့ ပညာဆက်သင်ဖို့နိုင်ငံကူးလက်မှတ်လျှောက်ထားသူတွေနဲ့ ပြည်ပကို ထွက် ခွာဖို့ကြိုးစားတဲ့သူတွေကို စစ်ကောင်စီက လေဆိပ်မှာ ဖမ်းဆီးတာတွေလည်းရှိသလို နိုင်ငံကူးလက်မှတ် ပြုလုပ် ပေးတဲ့ ကုမ္ပဏီတွေ၊ ပြည်ပအလုပ်အကိုင်အေဂျင်စီတွေကို စစ်ဆေးမှုတွေလုပ်လာတာလို့သိရပါတယ်။

 စီဒီအမ်ဝန်ထမ်းတွေအပါအဝင် စစ်ကောင်စီကို ဆန့်ကျင်တဲ့သူတွေကို နိုင်ငံကူးလက်မှတ်ပြုလုပ်ပေးတဲ့ ကုမ္ပဏီ ၁၄၃ ခုကို အမည်မည်းစာရင်းသွင်းပြီးစိစစ်ရာမှာ ပြည်ပအလုပ်အကိုင် အေဂျင်စီ ၁၃၃ ခုပါဝင်တယ်လို့ စစ်ကောင်စီ ကပြီးခဲ့တဲ့ဇန်နဝါရီလက ထုတ်ပြန်ထားပါတယ်။

 အဲဒီလို ပြည်ပအလုပ်အကိုင်အေဂျင်စီတွေကို အမည်မည်းစာရင်းသွင်းတာတွေ စီဒီအမ်တွေကိုတရားဝင်ပြည်ပ ထွက်ခွင့်မပြုတာကြောင့် တရားမဝင် အောက်လမ်းက သွားရောက်လုပ်ကိုင်သူတွေ များလာကာအလုပ်အကိုင် အဆင်မပြေဖြစ်ပြီး ဒုက္ခရောက်နေသူတွေလည်း အများအပြားရှိတယ်လို့ အလုပ်သမားအရေးအကူအညီပေး သူ တွေက ဆိုပါတယ်။

“အခုဟာက ပြည်ထဲရေးက အမိန့်ထုတ်လို့ အလယ်က လုပ်တာပေါ့၊အဲဒီလိုလုပ်လိုက်တော့ ဒီဖက်မှာ ခိုးဝင်တာ တွေတအားများလာပြီးတော့ တခြားလိမ်ချင်တဲ့ ပွဲစားတွေကလည်း အောက်လမ်းက ခေါ်ပြီးထားတာတွေ၊ အေဂျင် စီတွေက ရရာနည်းခေါ်ထုတ်ပြီး အလုပ်မရလို့ ပြဿနာဖြစ်တာတွေကလည်းး အများကြီးပိုရှုပ်ထွေးလာတယ်” လို့ ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများအရေးကူညီပေးနေသူ ကိုဝေကို ပြောပါတယ်။

စစ်ကောင်စီက အာဏာာသိမ်းပြီးနောက်ပိုင်း ပြည်ပရင်းနှီးမြှပ်နှံမှုလုပ်ငန်းကြီးအချို့ ထွက်ခွာသွားတာ၊ ငွေကြေး ဖောင်းပွမှု၊ အလုပ်အကိုင်ရှားပါးမှုတွေကြောင့် ပြည်ပကို ထွက်ခွာပြီးအလုပ်လုပ်ကိုင်သူ အရေအတွက်ဟာ တလ ကို သုံးထောင်ကနေ ငါးထောင်ကြားရှိတယ်လို့ ရန်ကုန်အခြေစိုက် ပြည်ပအလုပ်အကိုင်အေဂျင်စီတခုက ပြောပါ တယ်။

 မြန်မာလုပ်သားတွေဟာ ဂျပန်၊ တောင်ကိုရီးယား၊ စင်ကာပူ၊ မလေးရှား၊ အရှေ့အလယ်ပိုင်းနိုင်ငံတွေကို သွား ရောက်လုပ်ကိုင်ကြပြီးအေဂျင်စီစရိတ်သက်သာတဲ့ အိမ်နီးချင်းထိုင်းနိုင်ငံကိုတော့ အများဆုံးသွား ရောက်နေကြ တယ်လို့လည်းအေဂျင်စီတွေက ဆိုပါတယ်။