စဉ့်ကူးနဲ့ ဝက်လက်မှာ စစ်ကောင်စီစစ်ကြောင်းထိုးနေလို့ရွာနှစ်ဆယ်နီးပါးက ဒေသခံထောင်ချီ တိမ်းရှောင်နေရ

စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်နဲ့ မန္တလေးတိုင်း စဉ့်ကူးမြို့နယ်တွေထဲ စစ်ကောင်စီက စစ်ကြောင်းထိုးတာ၊ လက် နက်ကြီး၊လက်နက်ငယ်တွေနဲ့ ရမ်းသန်းပစ်ခတ်တာတွေလုပ်နေလို့ ရွာနှစ်ဆယ်ဝန်းကျင်က ဒေသခံ ထောင်နဲ့ ချီ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကာကွယ်ရေး အင်အားစုတွေနဲ့ ဒေသခံတွေကဆီကသိရပါတယ်။

“ဝက်လက်မှာကစစ်ရှောင်တွေကနေရာ အတည်တကျမရှိဘူး တောင်ကလာရင်မြောက်ပြေး မြောက်ကလာရင် တောင်ပြေးနဲ့အခြေနေကလည်းမကောင်းဘူး၊စစ်ရှောင်စခန်းလို့သတ်မှတ်ထားတဲ့ဘုန်းကြီးကျောင်းတွေမှာလည်းအတည်တကျမနေနိုင်ဘူး၊ဟိုနေရာရွေ့ဒီနေရာရွေ့နဲ့တချို့ကျတော့လည်းရွှေဘိုတို့မန္တလေးတို့နီးစပ်ရာဆွေမျိုးတွေဆီသွားရှောင်ကြတာလည်းရှိတယ်”လို့ ဝက်လက်မြို့နယ် သပိတ်ကော်မတီအဖွဲ့ဝင်တဦးက ပြောပါတယ်။

စစ်ကောင်စီဟာ ဇန်နဝါရီလအတွင်း ဝက်လက်မြို့နယ်ထဲက ရွာပေါင်း (၁၅)ရွာကို စစ်ကြောင်းထိုး မီးရှို့ခဲ့သလို လက်ရှိမှာလည်း စစ်ကြောင်းဆက်ထိုးနေလို့ ဒေသခံပြည်သူတွေ စစ်ရှောင်နေရပြီး ရိက္ခာ၊ အမိုးအကာ ၊ စောင် ၊ ဖျာနဲ့ ဆေးဝါးစောင့်ရှောက်မှုတွေလိုအပ်နေတယ်လို့သိရပါတယ်။

စစ်ကောင်စီကစစ်ကြောင်းထိုးမီးရှို့တာကြောင့် ဝက်လက်မြို့နယ်မှာ တလအတွင်း အိမ်ခြေနှစ်ထောင်နီးပါး မီးသင့်ပျက်စီးခဲ့သလို တနှစ်အရွယ်  ကလေးတဦးနဲ့ ၁၇နှစ်အရွယ်လူငယ်တဦးအပါအဝင် ဒေသခံ ငါးဦးလည်း သတ်ဖြတ်ခံခဲ့ရတယ်လို့ Wetlet Information Network က ထုတ်ပြန်ထားပါတယ်။

လက်ရှိမှာ ဝက်လက်နယ်ထဲက တမာကုန်း၊အနောက်ရွှေကျင် ၊ထနင်းသာ ၊ ပင်ဇင်း ၊နတ်ကုန်း နဲ့ ကန်ပေါက် ရွာတွေအပါအဝင် ဒေသတွင်းကျေးရွာတွေက ကလူဦးရေ (၂၁၀၀)ဝန်းကျင် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဝက်လက်မြို့နယ်သပိတ်ကော်မတီအဖွဲ့ဝင်ကပြောပါတယ်။

အလားတူ စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းအစပ် ဧရာဝတီမြစ်ဘေးက စဉ့်ကူးမြို့နယ်ထဲမှာလည်း စစ်ကောင်စီ တပ် တွေ စစ်ကြောင်းထိုးနေပြီး  ဖေဖော်ဝါရီ(၂)ရက်မနေ့က ဇီးကုန်းရွာထဲဝင်လာတဲ့ စစ်ကောင်စီစစ်ကြောင်းက ရွာခံ ခုနစ်ဦးထက်မနည်းဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

“မတ္တရာဘက်ကနေစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်တွေက ဇီးကုန်းကျေးရွာထဲက အလှူကိုဝင် ရောက် စီးနင်းပြီး အလှူထဲမှာ ပြည်သူသုံးဦး၊လေးဦးကို လက်ပြန်ကြိုးတုပ်ပြီးရိုက်တယ်၊ပြီးတော့ ခုနစ်ယောက်ဖမ်းသွားပြီး နေ့ခင်းပိုင်းမှာ ပြန်ထွက်သွားတယ်၊ အခုညပိုင်းမှာ ရွာထဲကိုပြန်ဝင်လာပြီး လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်နေ တယ် ဒေသခံပြည်သူတွေ အကုန်လုံးကတော့ပြေးနေရတယ်လို့ ”လို့ Wetlet Information Network တာဝန် ရှိသူတဦးက ပြောပါတယ်။