တိုင်းဒေသကြီးလေးခုနဲ့ပြည်နယ် လေးခုကမြို့နယ် လေးဆယ်ခန့်ကိုစစ်အုပ်ချုပ်ရေးကြေညာ

စစ်ကောင်စီကို တော်လှန်ခုခံစစ်ဆင်နွှဲနေတဲ့ စစ်ကိုင်း၊ မကွေး၊ပဲခူးတိုင်းနဲ့ ချင်းပြည်နယ်အပါအဝင် မြို့နယ်ပေါင်း ၃၇ မြို့နယ်ကို စစ်ကောင်စီက ဒီကနေ့မှာ စစ်အုပ်ချုပ်ရေး Martial Law ထုတ်ပြန် ကြေညာလိုက်ပါတယ်။
အဲဒီလိုကြေညာခံရတာမှာ စစ်ကိုင်းတိုင်းက ၁၁ မြို့နယ်၊ မကွေးတိုင်းက ၅ မြို့နယ်၊ ပဲခူးတိုင်းက ၅ မြို့နယ်၊တနင်္သာရီတိုင်း ၂ မြို့နဲ့ မွန်ပြည်နယ် ၁ မြို့၊ကရင်ပြည်နယ် ၂ မြို့၊ ကယားပြည်နယ် ၄ မြို့နယ်နဲ့ ချင်းပြည်နယ်က ၇ မြို့နယ် ပါဝင်ပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ သက်ဆိုင်ရာစစ်တိုင်းမှူးတွေကို အုပ်ချုပ်ရေးနဲ့တရားစီရင်ရေးဆိုင်ရာစစ်အုပ်ချုပ်ရေးအပ်နှင်းတယ်လို့ စစ်ကောင်စီအတွင်းရေးမှူးဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းဒွေးအမိန့်နဲ့ ဖော်ပြထားပါတယ်။
စစ်အုပ်ချုပ်ရေးဒေသက ဒေသအာဏာပိုင်အသီးသီးတို့ဟာ ယင်းတို့နဲ့သက်ဆိုင်တဲ့လုပ်ငန်းတွေကို သက်ဆိုင်ရာစစ်တိုင်းမှူး၊ဒေသကွပ်ကဲရေးမှုးတို့ရဲ့ကွပ်ကဲမှုအရ ဆောင်ရွက်ရမယ်လို့ဖော်ပြထားပါတယ်။
ဒါ့အပြင် သက်ဆိုင်ရာစစ်တိုင်းမှူးတွေနဲ့ ဒေသကွပ်ကဲရေးမှုးတွေဟာ အုပ်ချုပ်ရေးဆိုင်ရာမှာ လုံခြုံရေး၊လူမှုရေးကိစ္စရပ်တွေ၊ကုန်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေးတွေနဲ့တရားစီရင်ရေးမှာ အရပ်ဖက်တရားရုံး ဒါမှမဟုတ် စစ်ခုံရုံးတွေကတဆင့် စီရင်နိုင်ပါတယ်။
အဲဒီလိုစီရင်ရာမှာ အမြင့်ဆုံးသေဒဏ်အထိစီရင်နိုင်သလို နှစ်အကန့်အသတ်မရှိ အလုပ်နဲ့ထောင်ဒဏ်၊သက်ဆိုင်ရာပြစ်မှုအလိုက် အမြင့်ဆုံးပြစ်ဒဏ်ချဖို့လည်း ပါရှိပါတယ်။
စစ်ခုံရုံးစီရင်ချက်တွေဟာ အပြီးအပြတ်ဖြစ်ပေမယ့် သေဒဏ်ကိုတော့ စစ်ကောင်စီဥက္ကဌ ကသာ အတည်ပြုပေးနိုင်တယ်လို့ ဆိုပါတယ်။
စစ်အုပ်ချုပ်ရေးဒေသက စစ်တိုင်းမှူးတွေနဲ့ ဒေသကွပ်ကဲရေးမှုးတွေဟာ စစ်ကောင်စီဥက္ကဌ ကို စစ်အုပ်ချုပ်ရေးဒေသကဖြစ်ရပ်တွေကို အစီရင်ခံရမှာလည်းဖြစ်ပါတယ်။
အာဏာသိမ်းပြီးနောက် နှစ်နှစ်ပြည့်ချိန်အထိ နိုင်ငံတဝှမ်းက ဒေသအများအပြားကို တည်ငြိမ်အောင် ထိန်းချုပ်နိုင်ခြင်းမရှိသေးဘူးလို့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ကာလုံအစည်းအဝေးမှာ ဝန်ခံပြောဆိုပြီးနောက် စစ်ကောင်စီအုပ်ချုပ်ရေးယန္တရားကို ပြင်ဆင်ဖွဲ့စည်းခဲ့ပါတယ်။
အဲ့ဒီနောက် ဒီကနေ့မှာ မြို့နယ်အများအပြားကို စစ်အုပ်ချုပ်ရေးနဲ့ကိုင်တွယ်မယ်လို့ ထုတ်ပြန်လာတာပါ။