သံဖြူဇရပ်မှာ အုတ်၊သဲ၊ကျောက်ကားမောင်းသူတဦးကို စစ်တပ်ကအကြောင်းမဲ့ ပစ်ခတ်လို့ဒဏ်ရာရ

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ရန်ကုန်-မော်လမြိုင် အဝေးပြေးကားလမ်းမကြီးပေါ်မှာ ဒီကနေ့ ဇန်နဝါရီ ၂ ရက်နေ့လယ်ပိုင်းက အုတ်၊သဲ၊ကျောက်၊ ကားမောင်းနှင်လာသူတဦးကို စစ်ကောင်စီတပ်ဖွဲ့တွေက အ ကြောင်းပြချက်မရှိဘဲ သေနတ်နဲ့ ပစ်ခတ်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
သေနတ်နဲ့ပစ်ခတ်ခံရသူဟာ အသက် ၂၉ နှစ်အရွယ် ကိုအောင်နိုင်စိုးဖြစ်ပြီး သံဖြူဇရပ်မြို့နယ် ပငကျေး ရွာကနေ ကားမောင်းလာချိန် အေးကမ္ဘာကျေးရွာအရောက် အဝေးပြေးလမ်းမပေါ်မှာ စစ်ကားနှစ်စီးက သူမောင်းနှင်လာတဲ့ ကားကိုကျော်တက်ပြီး သေနတ်နဲ့ အကြောင်းပြချက်မရှိဘဲ ပစ်ခတ်သွားတာဖြစ်တယ်လို့ ဒေသခံတဦးက DNA ကို ပြောပါတယ်။
“ သူက လမိုင်းမြို့ခံ၊ သဲတို့၊ ကျောက်တို့ တင်တဲ့ကားမောင်းတာပါ၊ ဖြစ်တာက သူက ကားမောင်းလာတာ၊ ပြန် လာတဲ့အချိန်၊ လမ်းမပေါ်မှာပဲ စစ်ကားနှစ်စီးကိုတွေ့လို့ သူက ဘေးနားကို ချရပ်လိုက်တာ၊ အဲဒီစစ် ကားနှစ်စီးက သူ့ကို ကျော်ပြီး ဘာမဆိုင်ညာမဆိုင် သေနတ်နဲ့ ပစ်သွားတာပါ” လို့သံဖြူဇရပ်ဒေသခံက ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေက ကိုအောင်နိုင်စိုးကို သေနတ်နဲ့ နှစ်ချက်သုံးချက်ပစ်ခတ်ခဲ့ပေမယ့် ဝဲဘက်ပေါင်မှာ သေနတ်ကျည်တချက် ဖောက်ဝင်ဒဏ်ရာသာ ရရှိခဲ့ပြီး နယ်မြေခံလူမှုကယ်ဆယ်ရေးအဖွဲ့တွေက တိုက်နယ်ဆေးရုံကနေတဆင့် မော်လမြိုင်ပြည်သူ့ဆေးရုံကြီးကို တင်ပို့ထားရတယ်လို့ ဆိုပါတယ်။
“ခြေထောက်ကို ထိသွားတာလို့သိရတယ်၊ လမိုင်းတိုက်နယ်ဆေးရုံကနေ အဆင်မပြေလို့ မော်လမြိုင် ဆေးရုံကို ပို့ ထားတယ်၊ သွေးထွက်လွန်သွားတာ၊ သူ့ဒဏ်ရာ စိုးရိမ်နေရတယ်လို့ သယ်သွားတဲ့ ကယ်ဆယ်ရေးအဖွဲ့တွေက ပြောတယ်” လို့ ဒေသခံကဆက်ပြောပါတယ်။
သံဖြူဇရပ်-ရေး-လမိုင်း အဝေးပြေးကားလမ်းမပေါ်မှာ စစ်ကောင်စီယာဉ်တန်းတွေ၊ ဂိတ်စခန်းတွေ မကြာခဏ မိုင်းဆွဲခံရတာ ခြုံခိုတိုက်ခိုက်ခံနေရတာကြောင့် စစ်ကားတွေသွားလာရာလမ်းတလျှောက် တိုက်ခိုက်ခံရနိုင်ခြေရှိတဲ့နေရာတွေနဲ့ မသင်္ကာတဲ့နေရာတွေမှာ သေနတ်ရမ်းသန်းပစ်ခတ်တာတွေ လုပ်လေ့ရှိတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
ပြီးခဲ့တဲ့နှစ် အောက်တိုဘာလတုန်းကလည်း ရေးမြို့နယ်၊ ကနင်ကမော့ကျေးရွာ အဝေးပြေးကားလမ်းမ ပေါ်မှာ စစ်ကောင်စီယာဉ်တန်းက သေနတ်ရမ်းသမ်းပစ်ခဲ့တာကြောင့် ခရီးသွားအရပ်သားသုံးဦး ကျည်ထိမှန်ခဲ့ပါသေးတယ်။