ဟုမ္မလင်းမြို့နယ် ရွှေပြည်အေးမြို့သစ်ကို ပကဖ တွေက တိုက်ခိုက်သိမ်းပိုက်

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်အတွင်းက ရွှေပြည်အေးမြို့သစ်ကို ဒေသကာကွယ်ရေးမဟာမိတ်အဖွဲ့တွေက တိုက်ခိုက် သိမ်းပိုက်ထားတယ်လို့ ခန္တီးခရိုင်အမှတ်(၁)တပ်ရင်း-ဟုမ္မလင်းက ဒီကနေ့ ဖေဖော်ဝါရီ ၂ရက်က ထုတ်ပြန်ထားပါတယ်။

မနေ့ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ခန္တီးခရိုင်အမှတ်(၁)တပ်ရင်း-ဟုမ္မလင်း ၊HPDF-124 ၊ HPDF ၊ HPDF- မိုးကြိုး စတဲ့ မဟာမိတ်တပ်ပေါင်းစုများအဖွဲ့က စီးနင်းသိမ်းပိုက်နိုင်ခဲ့သလို လက်ရှိအချိန်အထိ မြို့ကို စီးနင်းထားဆဲဖြစ်တယ်လို ဆိုပါတယ်။

” မနေ့က ၉ နာရီလောက်မှာ စတိုက်ကြတာပေါ့။ နေရာတော်တော်များကို သူတို့ရထားတယ်။ စခ တွေဖက်က ထိခိုက်သေဆုံးတွေရှိတယ်။ မြို့မှာ ဆေးရုံ၊ ထွေအုပ်ရုံးတွေရှိတယ်။ စစ်ရှောင်တဲ့ ဒေသခံတချို့လည်း ရှိနေတယ် ” လို့ ဒေသခံတဦးကပြောပါတယ်။

မြို့ကို မဟာမိတ်အဖွဲ့တွေ သိမ်းဆည်းပြီးနောက် စစ်ကောင်စီတပ်ဘက်က စစ်သုံးရဟတ်ယာဉ်နဲ့ ၃ ကြိမ်လာရောက် ပစ်ခတ်ခဲ့ပေမယ့် ပကဖ တွေထိခိုက်မှုမရှိခဲ့ဘူးလို့ သိရပါတယ်။

လက်ရှိမှာ မြို့ပေါ်တွေတိုက်ပွဲအရှိန် ဆက်လက်ပြင်းထန်လာနိုင်တဲ့အတွက် ပြည်သူများအနေနဲ့ စစ်ရေးသတိရှိကြဖို့ ကိုလည်းခန္တီးခရိုင်အမှတ်(၁)တပ်ရင်း-ဟုမ္မလင်းကတိုက်တွန်းထားပါတယ်။

ဒါအပြင် စစ်ရေးတင်းမာနေတဲ့အတွက် လတ်တလောမှာဟုမ္မလင်း-ရွှေပြည်အေး ၊ ရွှေပြည်အေး-ဖောင်းပြင် ရေလမ်းခရီးကို အသုံးပြုသွားလာတာတွေ လုံးဝမပြုလုပ်ကြဖို့ အသိပေးထားတာတွေ့ရပါတယ်။