သမ္မတ ဘိုင်ဒန်ရဲ့ ကမ်းခြေ နေအိမ် တစ်လုံးကို FBI အေးဂျင့်တွေ ဝင်ရောက်ရှာဖွေ

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ နေအိမ်ကို FBI ထောက်လှမ်းရေး​ အေးဂျင့်တွေက ဝင်ရောက် စစ်ဆေး ရှာဖွေခဲ့ကြပါတယ်။

 အစိုးရရဲ့ အထူးလျှို့ဝှက်ထားရမယ့် စာရွက်စာတမ်းတွေကို ဘိုင်ဒန်ဆီမှာ တွေ့ရှိခဲ့တယ်ဆိုတဲ့ ဖြစ်စဉ်တွေအပြီး ဒယ်လာဝဲက ရီဟိုဘို့သ် ကမ်းခြေမှာရှိတဲ့ ဘိုင်ဒန်ပိုင် နေအိမ်ကို ဖေဖော်ဝါရီ ၁ ရက်မှာ FBIက ဝင်ရောက် ရှာဖွေခဲ့တာပါ။ ၃ နာရီခွဲ ကြာမြင့်တဲ့ စစ်ဆေး ရှာဖွေမှုတွေအပြီး နောက်ထပ် လျှို့ဝှက် စာရွက်စာတမ်းတွေ မတွေ့ခဲ့ဘူးလို့ ဆိုပါတယ်။

 တရားရေး ဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်အရ ဒယ်လာဝဲမှာရှိတဲ့ သမ္မတရဲ့ နေအိမ်ကို ဝန်ကြီးဌာနရဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ စစ်ဆေးခဲ့ကြောင်း၊ သမ္မတကလည်း ဒီလုပ်ဆောင်မှုကို အပြည့်အဝ ပူးပေါင်း ကူညီပေးခဲ့ကြောင်း FBIက ထုတ်ပြန်ပါတယ်။

 အဲဒီစုံစမ်း ရှာဖွေမှုမှာ ဝရမ်းထုတ်တာ၊ တစ်စုံတစ်ယောက်ကို ဖမ်းဆီးတာမျိုးတွေတော့ မရှိခဲ့ဘူးလို့ ဆိုပါတယ်။ ဒဲလာဝဲမှာရှိတဲ့ ဝီလ်မင်တန်က ဘိုင်ဒန့် နေအိမ်မှာ ထိပ်တန်းလျှို့ဝှက်အဆင့် စာရွက်စာတမ်းတွေ တွေ့ရှိခဲ့တဲ့နောက် ရီဟိုဘို့သ် ကမ်းခြေ နေအိမ်ကို စစ်ဆေးဖို့ FBIကို အတိုက်အခံ ရီပတ်ဘလစ်ကန် အမတ်တွေက ဖိအား ပေးလာခဲ့ပါတယ်။

 FBIဟာ ဝီလ်မင်တန်က နေအိမ်၊ ဝါရှင်တန်က ဘိုင်ဒန်ရဲ့ ရုံးအဟောင်းဖြစ်တဲ့ ပန်ဘိုင်ဒန် စင်တာတို့ကို ထပ်မံ ရှာဖွေရာမှာလည်း လျှို့ဝှက်အဆင့်အဖြစ် သတ်မှတ်နိုင်တဲ့ နောက်ထပ် စာရွက်စာတမ်း အသစ်တွေ ထပ်တွေ့ခဲ့ပါတယ်။ အဲဒီ ရှာဖွေမှုတိုင်းမှာ ဘိုင်ဒန်ဖက်က လိုလိုလားလား ပူးပေါင်း ကူညီခဲ့တယ်လို့ FBIက ပြောပါတယ်။

 လက်ရှိ အချိန်ထိ ဘိုင်ဒန်က ပုဂ္ဂိုလ်ရေးအရ ပိုင်ဆိုင်ထားပြီး ထိပ်တန်းလျှို့ဝှက် အဆင့်လို့ သတ်မှတ်ထားတဲ့ စာရွက်စာတမ်း ၂၅ ခုနဲ့ ၃၀ ကြားလောက် ရှာတွေ့ထားပြီး ဖြစ်ပါတယ်။ ဘိုင်ဒန် မတိုင်ခင် သမ္မတဟောင်း ဒေါ်နယ်လ်ထရမ့်လည်း နေအိမ်မှာ ထိပ်တန်းလျှို့ဝှက်အဆင့် စာရွက်စာတမ်းတွေ ထားရှိမှုနဲ့ ပတ်သက်လို့ စုံစမ်းမေးမြန်းမှုတွေ ခံနေရပါတယ်။

 အခုကိစ္စနဲ့ ပတ်သက်ပြီး သတင်းထောက်တွေရဲ့ ဆက်သွယ် မေးမြန်းမှုအပေါ် မှတ်ချက်ပေးဖို့ အိမ်ဖြူတော်က အကြိမ်ကြိမ် ငြင်းဆန်ထားပါတယ်။ ဘိုင်ဒန်ရဲ့ ပြန်ကြားရေး အရာရှိတွေကတော့ အဲဒီ စာရွက်စာတမ်းတွေကို သက်ဆိုင်ရာ တာဝန်ရှိသူတွေဆီ စနစ်တကျ ပြန်လွှဲအပ်ထားပြီး လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ အတွက်လည်း ထိထိရောက်ရောက် ပူးပေါင်း ပါဝင်နေတယ်လို့သာ ပြောကြားထားပါတယ်။