ပေါင်မြို့နယ်ကြံ့ခိုင်ရေးပါတီအလုပ်အမှုဆောင်တဦး ပစ်ခတ်ခံရပြီးသေဆုံး

မွန်ပြည်နယ်၊ ပေါင်မြို့ပေါ်မှာ ဒီကနေ့ ဖေဖော်ဝါရီ ၁ ရက် ညနေ ၆ နာရီခွဲလောက်က ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ မြို့နယ်အလုပ်အမှုဆောင် ဦးကိုကိုလေးကို လူနှစ်ယောက်က နေအိမ်ထဲကို သေနတ်နဲ့ ဝင်ရောက်ပစ်ခတ်ခဲ့တာကြောင့် သေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

ပေါင်မြို့နယ်၊ ပေါင်ရင်းရပ်ကွက်မှာရှိတဲ့ ဘူတာပိုင်းလမ်းက သူရဲ့နေအိမ်ထဲကို ဆိုင်ကယ်နဲ့ရောက်လာတဲ့ အမည်မသိလူနှစ်ယောက်က ဝင်ရောက်ပစ်ခတ်ခဲ့တာဖြစ်ပြီး သေနတ်နဲ့ ၁၀ ချက်ထက်မနည်းပစ်ခတ်ခံခဲ့ရတယ်လို့ဆိုပါတယ်။

“ အေးဆေးပဲ ဆိုင်ကယ်နဲ့ မသိမသာအိမ်ထဲဝင်လာတယ် ။ မေးမြန်းပြီး သေနတ် ၁၀ ချက်ကျော်နဲ့ ပစ်ခတ်ပြီး ပြန်ထွက်သွားတယ်၊ လူငယ်ပိုင်းပဲ လာပစ်သွားတာ။  ပွဲချင်းပြီးပဲ သေပါတယ်။ သူ့ကို လာပစ်တဲ့အချိန်တော့ သူ့အိမ်မှာ ဘယ်သူမှ မရှိနေဘူးလို့ ” လို့ နီးစပ်တဲ့ ဒေသခံကပြောပါတယ်။ 

ပစ်ခတ်ခံရသူ ဦးကိုကိုလေးဟာ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ(USDP) ပေါင်မြို့နယ်မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမယ့် အနိုင်ရခြင်းတော့ မရှိဘူးလို့သိရပါတယ်။

စစ်အာဏာသိမ်းပြီးတဲ့နောက် ဦးကိုကိုလေးဟာ အာဏာသိမ်းစစ်ကောင်စီတပ်၊ ရဲတွေနဲ့ ပူးပေါင်းပြီး မြို့နယ်အတွင်းက တက်ကြွလူငယ်တွေ ဖမ်းဆီးခံရတဲ့ ဖြစ်စဉ်တွေမှာ ဦးဆောင်နေသူတစ်ဦးဖြစ်တာကြောင့် နန်းထိုက်အောင်စစ်ဆင်ရေးအနေနဲ့ ပစ်ခတ်ရှင်းလင်းခဲ့တာဖြစ်တယ်လို့ အထူးစစ်ဆင်ရေးတပ်ဖွဲ့ S.O.F က ထုတ်ပြန်ထားပါတယ်။

ဒီအချက်နဲ့ပတ်သက်လို့တော့ DNA က သီးခြားအတည်ပြုနိုင်တာမရှိပါဘူး။

ပေါင်မြို့နယ်မှာဆိုရင် စစ်ကောင်စီရဲ့ကျောထောက်နောက်ခံပါတီဖြစ်တဲ့ မြို့နယ် USDP ပါတီဝင်တွေ၊ အလုပ်အမှုဆောင်တွေ နေအိမ်တွေမှာ မကြာခဏ ဗုံးဖောက်ခွဲခံခဲ့ရတဲ့ဖြစ်စဉ်မျိုးသာရှိခဲ့ပြီး အခုလို ပစ်ခတ်ရှင်းလင်းခံရတာက ပထမဆုံးအကြိမ် ဖြစ်တယ်လို့ သိရပါတယ်။