ဆောင်းရာသီ အပြောင်းအရွှေ့ စျေးကွက် နောက်ဆုံးပိတ်ရက်မှာတော့ အင်္ဂလန် ပရီးမီးယားလိဂ် ကလပ်အသင်း တချို့ဟာ ကသုတ်ကရက် လှုပ်ရှားရင်း လိုအပ်တဲ့ ကစားသမားသစ်တွေ ဖြည့်တင်း ခေါ်ယူခဲ့ကြတာ တွေ့ရပါတယ်။
ချဲလ်ဆီးအသင်းက ဘင်ဖီကာရဲ့ အန်ဇို ဖာနန်ဒက်ဇ်ကို ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး စတာလင်ပေါင် ၁၀၇ သန်းနဲ့ ဝယ်ယူခဲ့ခြင်းက စျေးကွက်ပိတ်ရက်မှာ အဓိက သတင်းတစ်ပုဒ် ဖြစ်ခဲ့ပေမယ့် တခြား ပရီးမီးယားလိဂ် ပြိုင်ဘက်တွေကလည်း အရေးပါတဲ့ ကစားသမား အပြောင်းအရွှေ့တချို့ကို လုပ်ဆောင်ခဲ့ပါတယ်။
ချဲလ်ဆီးကို အန်ဇို ရောက်ရှိလာခြင်းနဲ့အတူ နေရာပျောက်မယ့် အခြေအနေ ဖြစ်လာတဲ့ အီတလီ ကွင်းလယ်လူ ဂျော်ဂျင်ဟိုကို မြို့ခံပြိုင်ဘက် အာဆင်နယ် အသင်းက စတာလင်ပေါင် ၁၂ သန်းနဲ့ ခေါ်ယူခဲ့တာကြောင့် အာဆင်နယ် ပရိသတ်တွေ ကိုယ်တိုင် အံ့ဩခဲ့ကြပါတယ်။
ကွင်းလယ်မှာ ဒဏ်ရာ ပြဿနာတွေ ကြုံနေတဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းကလည်း ဂျာမန်ချန်ပီယံ ဘိုင်ယန်မြူးနစ် အသင်းက ဩစတြီးယား လက်ရွေးစင် အလယ်တန်းလူ မာဆယ်လ် ဆဘစ်ဇာကို အငှားစာချုပ်နဲ့ ခေါ်ယူလိုက်ပါတယ်။
တော့တင်ဟမ် ဟော့စပါး အသင်းကလည်း ပေါ်တူဂီကလပ် စပို့တင်း လစ္စဘွန်းနဲ့အတူ တောက်ပလာတဲ့ ညာနောက်ခံလူ ပီဒရို ပိုရိုကို အငှားခေါ်ယူခဲ့ပြီး ရာသီကုန်မှာ စတာလင်ပေါင် သန်း ၄၀ နဲ့ အပြီးသတ် ဝယ်ယူဖို့ သဘောတူထားခဲ့ပါတယ်။
နောက်ပြီး ဆောက်သမ်တန် အသင်းကလည်း ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေး စတာလင်ပေါင် ၂၂ သန်းထိ သုံးစွဲပြီး ပြင်သစ်ကလပ် ရန်းနက်စ်ရဲ့ တောင်ပံလူ ကာမယ်လ်ဒင်း ဆူလီမာနာကို ခေါ်ယူခဲ့ပါတယ်။
စျေးကွက်ပိတ်ရက်မှာ တက်တက်ကြွကြွ လှုပ်ရှားခဲ့တဲ့ နောက်ထပ် အင်္ဂလန် ကလပ်အသင်း တစ်ခုကတော့ နော်တင်ဟမ် ဖောရက်စ်ဖြစ်ပြီး နယူးကာဆယ်လ် ယူနိုက်တက်ရဲ့ ဝါရင့် ကွင်းလယ်လူ ဂျွန်ဂျို ရှယ်လ်ဗီကို ပမာဏ မဖော်ပြတဲ့ ပြောင်းရွှေ့ကြေး တစ်ရပ်နဲ့ ခေါ်ယူခဲ့သလို ပြင်သစ်ကလပ် ပီအက်စ်ဂျီရဲ့ ထိပ်တန်း ဂိုးသမား ကီလော် နာဗက်စ်ကိုလည်း အငှား ခေါ်ယူခဲ့တာ တွေ့ရပါတယ်။
ပြိုင်ဘက် အသင်းတွေက ကစားသမားသစ်တွေကို အသီးသီး ခေါ်ယူနေတဲ့ အချိန် ပရီးမီးယားလိဂ် လက်ရှိ ချန်ပီယံ မန်ချက်စတာ စီးတီးကတော့ ခြေစွမ်း ကောင်းမွန်ပေမယ့် မန်နေဂျာ ပက်ပ် ဂွာဒီယိုလာနဲ့ ဆက်ဆံရေး ပျက်ပြားနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေတဲ့ ပေါ်တူဂီ ခံစစ်မှူး ဘိုင်ယန်မြူးနစ်ဆီ အငှားစေလွှတ်ခဲ့ကြောင်းလည်း သိရပါတယ်။