ဧရာဝတီတိုင်း အစိုးရအဖွဲ့ဝန်ကြီးဒေါက်တာ လှမြတ်သွေး ထောင် နှစ်နှစ်ချမှတ်ခံရ

ဧရာဝတီတိုင်း NLD အစိုးရ အဖွဲ့က လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေး ကို စစ်ကောင်စီ က ထောင် နှစ် နှစ်အမိန့် ချလိုက်တယ် လို့ နီးစပ်သူတွေဆီက သိရပါတယ်။
စစ်ကောင်စီ က ဒေါက်တာလှမြတ်သွေးကို ပုဒ်မ ၅၀၅ (ခ) နဲ့ တိုင်ကြား အမှုဖွင့်ပြီး ပုသိမ် အကျဉ်း ထောင် ထောင်တွင်းတရားရုံး က ဇန်နဝါရီ ၃၀ ရက် နေ့လယ်ပိုင်းမှာ အမိန့်ချလိုက်တာလို့ အကျဉ်းဦးစီဌာနနဲ့ နီးစပ်သူတွေကပြောပါတယ်။
“ဘာမှ ထုချေလျောက်လဲခွင့် မရဘူး၊ ချက်ခြင်းအမိန့်ချလိုက်တာ၊ နောက်မှုလည်းမရှိဘူး၊ ချုပ်ရက်ခံစား ခွင့်ရလည်း မရဘူး”လို့ တရားလွှတ်တော် ရှေ့နေတဦးက DNAကို ပြောပါတယ်။
စစ်ကောင်စီဟာ ဧရာဝတီတိုင်း NLD အစိုးရ အဖွဲ့ဝင်တွေကို ဒီဇင်ဘာ ၂၈ ရက်မှာ နေအိမ်အ ကျယ်ချုပ်ကပြန်လွှတ်ပေးခဲ့ပေမယ့် လူမှုရေး ဝန်ကြီး ဒေါက်တာလှမြတ်သွေး ကိုတော့ ပုသိမ်ထောင်ကိုပို့ပြီး ဆက်ဖမ်းထားခဲ့တာပါ။
“ထောင်ထဲကို ရောက်တဲ့နေ့ကတည်း က တိုက်ပိတ်ခံနေရတာ၊ ရေသန့် ပို့ပေးခွင့်တောင် ပို့ပေး ခွင့်မရဘူး” လို့ ပုသိမ်ထောင်ကပြန်လည်လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတဦးကပြောပါတယ်။
ဧရာဝတီတိုင်း အစိုးရအဖွဲ့ဝင် လူမှုရေးဝန် ကြီး ဒေါက်တာလှမြတ်သွေးဟာ၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက် ပွဲကစလို့ရေကြည်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် အဖြစ် ရွေးချယ်ခံရတဲ့ NLD ပါတီဝင်ဖြစ်ကာ ၂၀၁၅ ခုနှစ် ရွေး ကောက်ပွဲမှာ လည်း ဆက်လက် အရွေးခံရပြီး ဧရာဝတီ တိုင်း အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဖြစ်လာခဲ့ပါတယ်။
အဲ့ဒီ နောက် ၂၀၂၀ ရွေးကောက်ပွဲမှာလည်း ရေကြည်မြို့နယ်က တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်အဖြစ် ဆက်လက် ရွေးချယ်ခံထားရသူဖြစ်ကာ အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁ ရက်က စပြီး ဧရာဝတီတိုင်း ဒေသကြီး အစိုးရ အဖွဲ့ဝင်တွေနဲ့ အတူ ပုသိမ်မြို့ကဝန်ကြီးများ အိမ်ယာဝင်းအတွင်း နှစ်နှစ်နီးပါးနေအိမ်အကျယ်ချုပ်နဲ့ ထိန်းသိမ်းခံခဲ့ရပါတယ်။