စစ်ထောက်လှမ်းရေးအရာရှိနဲ့ ပူးပေါင်းလုပ်ဆောင်နေတဲ့ SNA တပ်ဖွဲ့ဝင်တွေကို မိုးကောင်းပြောက်ကျားတပ်က ဖမ်းမိထားတယ်လို့ဆို

ပြီးခဲ့ရက်ပိုင်းအတွင်း ဖမ်းမိခဲ့တဲ့ စစ်ထောက်လှမ်းရေးအရာရှိနဲ့ ပူးပေါင်းလုပ်ဆောင်နေတဲ့ SNA(ရှမ်းနီ လက်နက်ကိုင်တပ်) ဒေသခေါင်းဆောင်တဦးအပါအဝင် ကိုးဦးကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ မိုးကောင်းမြို့နယ် ပြည် သူ့ကာကွယ်ရေးအဖွဲ့ UG Black K တာဝန်ရှိသူက DNA ကိုပြောပါတယ်။
“ကျွန်တော်တို့က အဲ့ဒီ SNA ခေါင်းဆောင်ကျော်စိုးကိုလိုက်နေတာကြာပြီ သူကဒီမှာ စစ်တပ်ဂိတ်တွေကိုဖြတ်ရင် သူ့ကားနဲ့ဆိုဟွန်းလေးတီးပြီးဖြတ်သွားတာပေါ့၊ဘယ်သူ့ကား မှဒီလိုဖြတ်လို့မရဘူးပေါ့နော် အဲ့ဒီလိုအကြောင်း တရားတွေရှိလို့ ကျွန်တော်တို့ကသူ့ကိုစုံစမ်းတော့ ကာမိုင်းနဲ့ လက်ဝါးကြားထဲက တကောင်းကျေးရွာရဲ့ အနောက် ဘက်မှာ သူတို့SNA ဆိုတာဝန်ခံသွားတယ်”လို့ သူက ပြောပါတယ်။
လက်ရှိ ဖမ်းမိထားသူတွေထဲမှာ SNA ခေါင်းဆောင်ဆိုသူကျော်စိုး အပါအဝင် ဟုမ္မလင်း၊မိုးကောင်းဒေသတွေအတွင်း တာဝန်ကျတဲ့ SNA အဖွဲ့ဝင်တွေပါတယ်လို့ သိရပါတယ်။အဲ့ဒီ SNA အဖွဲ့ဝင်တွေကို ဇန်နဝါရီ(၂၄)ရက် ည ပိုင်းက ဖမ်းမိခဲ့တာလို့ UG Black K အဖွဲ့က ထုတ်ပြန်ထားပါတယ်။
ရှမ်းနီအမျိုးသားများတပ်မတော်(SNA)ဟာ စစ်ကိုင်းတိုင်းအထက်ပိုင်း ဒေသတွေနဲ့ ကချင်ပြည်နယ်အတွင်းမှာ လှုပ်ရှားနေတဲ့ လက်နက်ကိုင်တပ်ဖွဲ့တခုဖြစ်ပြီး အာဏာသိမ်းပြီးနောက် PDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတို့ကြား တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်ကနေ ဝင်ရောက်တိုက်ခိုက်လေ့ရှိတယ်လို့ PDF တွေဘက်က ပြောထားပါတယ်။
ဒါပေမယ့် SNA ဘက်ကတော့ စစ်ကောင်စီနဲ့ ပူးပေါင်းတိုက်ခိုက်တာမျိုးမရှိဘဲ နယ်မြေကျူးကျော်လာတဲ့အတွက် သီးခြားတိုက်ခိုက်နေတာဖြစ်တယ်လို့ ငြင်းဆိုထားပါတယ်။
လက်ရှိ UG BLACK K အဖွဲ့ကဖမ်းမိထားတယ်ဆိုတဲ့ SNA အဖွဲ့ဝင်တွေနဲ့ပတ်သက်လို့ SNA ဘက်ကို ဆက်သွယ်မေးမြန်းဖို့ကြိုးစားနေပေမယ့် အဆက်အသွယ်မရသေးပါဘူး။ UG BLACK K အဖွဲ့တာဝန်ရှိသူကတော့ ဖမ်းမိထားသူတွေကို စစ်ဆေးနေ တယ်လို့ ပြောပါတယ်။