တောင်ကြီးမြို့မှာ စစ်တပ်ပိုင်မြေပေါ်ကဖယ်ပေးရတဲ့ ဆိုင်ခန်းတွေ ဘူဒိုဇာခပေးရ

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ပေါ်မှာ စစ်တပ်ပိုင်မြေပေါ်မှာဌားရမ်းဖွင့်ထားတဲ့ ဆိုင်ခန်းပေါင်း ၅၀၀ ကျော်ကို စစ်ကောင်စီက ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၈ ရက်နေ့က ဘူဒိုဇာနဲ့ရှင်းလင်းပြီးဖယ်ခိုင်းခဲ့ပြီး ဆိုင်ခန်းပိုင်ရှင်တွေဆီက ဘူဒိုဇာခ တောင်းခံခဲ့တယ်လို့ ဆိုင်ခန်းပိုင်ရှင်တွေကပြောပါတယ်။

ဒီဆိုင်ခန်းတွေဟာဆိုရင် ၁၉၉၄ ခုနှစ်ကတည်းက စစ်တပ်ရံပုံငွေအတွက်ဆိုပြီး ဌားရမ်းခဲ့တာဖြစ်ပြီးစာချုပ်ပြည့်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ စစ်တပ်က ပြန်ဖယ်ရှားခိုင်းခဲ့တာဖြစ်ပါတယ်။

ဒီဆိုင်ခန်း ပေါင်း ၅၁၁ ခန်းမှာ နေထိုင်သူတွေဟာ ဆိုင်ခန်းမှာပဲ နှစ်ပေါင်းများစွာနေထိုင်သူတွေလည်းရှိတာကြောင့် ပြောင်းရွေ့ဖို့အခက်အခဲတွေလည်းရှိနေကြတယ်လို့ဆိုပါတယ်။

“ ဆိုင်ခန်းတွေကိုဖယ်ခိုင်းတာက ကိုဗစ်လော့ဒေါင်းမဖြစ်ခင်ကတည်းက ခဏခဏလည်း သတိပေးစာတွေပို့တယ်။ အခုကျတော့ ၂၈ ရက်နေ့ အပြီးရွေ့ဖို့ပြောထားတာကို သူတို့လာဖျက်တဲ့ အချိန် မရွေ့ရသေးတဲ့သူတွေက ဘူဒိုဇာခ ပေးရတာ။ ကျွန်မသိသလောက်တော့ မရွေ့နိုင်သေးတဲ့သူ ရာဂဏာန်းလောက်ရှိမယ်။ တချို့တွေက ဆိုင်ခန်းမှာပဲနေကြရတာကိုး  ” လို့ ဆိုင်ခန်းပိုင်ရှင်တဦးက DNA ကိုပြောပါတယ်။

ပြည်တွင်းမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဆိုင်ခန်းပိုင်ရှင်တချို့ကတော့ စစ်တပ်နဲ့မပတ်သက်လိုတာကြောင့်ဆိုင်ခန်းကိုပြန်အပ်သူတွေလည်းရှိခဲ့တယ်လို့လည်း ဆက်သိရပါတယ်။

လက်ရှိ အခြေအနေမှာတော့ ဆိုင်ခန်းတွေမှာ နှစ်ပေါင်း ၂၀ ကျော် မှီခိုလာတဲ့  အိမ်ထောင်စုပေါင်း ၄၀၀ ကျော်က လက်လုပ်လက်စား မိသားစုတွေဟာ နေစရာမဲ့ အခြေအနေဖြစ်ပေါ်နေတယ်လိုဆိုပါတယ်။

ပြည်တွင်းမှာ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် နိုင်ငံတဝန်းမှာရှိတဲ့ ကျူးကျော်နေအိမ်တွေနဲ့CDM ဝန်ထမ်းအိမ်ရာတွေအပြင် ဒေသခံနေအိမ်နဲ့ဆိုင်ခန်းတချို့ကို စစ်ကောင်စီက ပုံစံမျိုးစုံနဲ့ဖျက်သိမ်းတာတွေလုပ်ခဲ့ပါတယ်။