ဒီနှစ်ထဲ စစ်ကောင်စီက ကျင်းပမဲ့ ရွေးကောက်ပွဲကို ကရင်နီ(ကယား)တပြည်နယ်လုံးမှာ ပြုလုပ်ခွင့်ပေးမှာ မဟုတ်ဘဲ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်အားလုံးကို ဆန့်ကျင်သွားမှာဖြစ်တယ်လို့ ကရင်နီဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ထုတ်ပြန်လိုက်ပါတယ်။
လာမဲ့ ရွေးကောက်ပွဲဟာ စစ်ကောင်စီက စစ်အာဏာ ရှင်စနစ်သက်ဆိုးရှည်ဖို့ ပြုလုပ်တဲ့ အတုအယောင်တခုအဖြစ် ကရင်နီတော်လှန်ရေးအင်အားစုတွေက မှတ်ယူပြီး ကရင်နီတပြည်နယ်လုံးမှာ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်မှန်သမျှကို တညီတညွတ်တည်း ဆန့်ကျင်တိုက်ဖျက်သွားမယ်လို့ ပြည်သူ့ကာကွယ် ရေးတပ် -ဒီးမော့ဆို (DMO-PDF)နဲ့ ကရင်နီအမျိုး သားများ ကာကွယ်ရေးတပ် (KNDF)တို့က ထုတ်ပြန်တာပါ။
“လောလောဆယ် ကရင်နီပြည်မှာတော့ လွိုင်ကော်ပဲ သူတို့က လှုပ်ရှားလို့ ရတယ်ဆိုတော့ အဲမှာတော့ ရွေးကောက်ပွဲအသံထွက်တာ နည်းနည်း ကြားရတယ်၊အတိအကျတော့ မရှိသေးဘူးပေါ့နော၊ ကျွန်တော်တို့ ဘက်က ကြိုထုတ်တဲ့သဘောဖြစ်ပါတယ်၊စစ်ကောင်စီက ကျင်းပတဲ့ ရွေးကောက်ပွဲကို ကျွန်တော်တို့က မလိုလာဘူး၊သူတို့ အာဏာတည်မြဲရေးအတွက်ပဲ လုပ်မယ်ဆိုတာ သိထားတယ်လေ ”လို့ ပြည်သူ့ကာကွယ်ရေးတပ် -ဒီးမော့ဆို ပြန်ကြား ရေးတာဝန်ခံက DNA ကို ပြောပါတယ်။
ကရင်နီပြည်နယ်အတွင်းမှာ နေထိုင်ကြသူတွေအနေနဲ့ လူဦးရေးစာရင်းတွေ ကောက်ခံတာနဲ့ တာဝန်ပေးအပ်ခြင်းအပါအဝင် ရွေးကောက်ပွဲပြင်ဆင်မှုတွေမှာ မပူးပေါင်းကြဖို့၊ တသီးပုဂ္ဂလဖြစ်စေ၊ အစုအဖွဲ့နဲ့ဖြစ်စေ၊ နိုင်ငံရေးပါတီ ဖွဲ့စည်းလို့ ဖြစ်စေ ဝင်ရောက်ယှဉ်ပြိုင်မှု လုံးဝ မလုပ်ဖို့ ဒီကနေ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ကရင်နီပြည်တဝှမ်းလုံးမှာ ရွေးကောက်ပွဲ လုပ်ငန်း စဉ် မှန်သမျှကို ပိတ်ပင်ထားပြီး စစ်ကောင်စီနဲ့ ပူး ပေါင်းဆောင်ရွက်မှုကို တွေ့ရှိပါက ကျင့်ဝတ်နည်းနာတွေနဲ့အညီ ထိရောက်စွာအရေးယူသွားမယ်လို့ ဆိုပါတယ်။
“ကျွန်တော်တို့မှာ ကျင့်ဝတ်တွေ၊ စည်းဘောင်းတွေ ရှိတယ်ပေါ့နော်၊အဲဒါကြောင့် ဗုံးခွဲမှာလည်း မဟုတ်ဘူး၊သတ်မှာလည်း မဟုတ်ဘူး၊ ဒါပေမဲ့ ကျွန်တော်တို့က တရားစွဲတဲ့ နည်းစနစ်လည်း ရှိတယ်ပေါ့နော်၊ အဲဒီလိုမျိုးပေါ့နော်၊တွေ့မယ်ဆိုရင်တော့ ကျွန်တော်တို့က ကျင့်ဝတ်နဲ့အညီပဲ အရေးယူးဆောင်ရွက်သွားမှာဖြစ်ပါတယ်” ပြည်သူ့ကာကွယ်ရေးတပ် -ဒီးမော့ဆိုက ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
ကရင်နီပြည်မှာ ပြည်နယ်လူဦးရေရဲ့ထက်ဝက်ကျော်ဖြစ်တဲ့လူ (၂)သိန်းခန့်ဟာ စစ်ဘေးရှောင်နေရပြီး စစ်တပ်က စစ်ရှောင်စခန်းတွေအပါအဝင် ကျေး ရွာ/ရပ်ကွက်တွေကို လေကြောင်းပစ်ခတ်မှု၊ လက် နက်ကြီး ပစ်ခတ်မှုတွေ ပြုလုပ်နေလို့ စစ်ရှောင်စခန်းနဲ့ ဆေးပေးခန်းတွေဟာ ရွေ့ပြောင်းနေရပါတယ်။
စစ်ရှောင်တချို့ဟာလည်း ထိခိုက်ဒဏ်ရာရရှိမှုနဲ့ သေဆုံးမှုတွေ ရှိနေတယ်လို့ ကရင်နီအရပ်ဖက်အဖွဲ့အစည်းတွေက ထုတ်ပြန်ထားပါတယ်။
အင်အားကြီးတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေအပါအဝင် တော် လှန်ရေးအင်းအားစုတွေကတော့ သူတို့နယ်မြေမှာ ရွေး ကောက်ပွဲ ပြလုပ်မှာကို လက်မခံဘဲ ပူးပေါင်းသူတွေကို အရေးယူသွားမယ်လို့ ထုတ်ပြန်ထားကြပေမယ့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကတော့ ဘယ်လိုအခြေအနေပဲရှိရှိ ရွေးကောက်ပွဲလုပ်မယ်လို့ပြောဆိုထားပါတယ်။