ယူကရိန်း-ရုရှား စစ်ပွဲကို အကြောင်းပြုပြီး အမေရိကန် ကာကွယ်ရေး စက်မှု လုပ်ငန်းတွေဟာ သိသိသာသာ အကျိုးအမြတ် ဖြစ်ထွန်းခဲ့ကြပါတယ်။
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်တဲ့ စာရင်း အချက်အလက်တွေအရ ပြည်ပကို အမေရိကန်ရဲ့ စစ်လက်နက်တွေ တင်ပို့မှုဟာ ၂၀၂၁ ခုနှစ်မှာ ဒေါ်လာ ၁၀၃.၄ ဘီလီယံဖိုး ရှိရာက ၂၀၂၂ ခုနှစ်မှာတော့ ဒေါ်လာ ၁၅၃.၇ ဘီလီယံထိ မြင့်တက်လာတယ်လို့ သိရပါတယ်။
ယူကရိန်း စစ်ပွဲအတွက် အမေရိကန် အစိုးရက စစ်လက်နက်တွေ ဝယ်ယူ ထောက်ပံ့တာအပြင် စစ်ပွဲနဲ့ သွယ်ဝိုက် ဆက်စပ်တဲ့ တခြား နိုင်ငံတွေရဲ့ စစ်လက်နက် မှာယူမှုတွေကပါ အမေရိကန် ကာကွယ်ရေး စက်မှုလုပ်ငန်းတွေကို ရောင်းအား တက်စေခဲ့တာ ဖြစ်ပါတယ်။
ဥပမာ အနေနဲ့ ရုရှားရဲ့ ခြိမ်းခြောက်မှုတွေအတွက် ကြိုတင် ပြင်ဆင်တဲ့ အနေနဲ့ ဂျာမနီက အမေရိကန်ရဲ့ F-35 တိုက်လေယာဉ်တွေ ဒေါ်လာ ၈.၄ ဘီလီယံဖိုး မှာယူခဲ့သလို ပိုလန်ကလည်း M1A2 Abrams တင့်ကား အသစ် အစီး ၂၅၀ အတွက် ဒေါ်လာ ၆ ဘီလီယံ တန်ဖိုးရှိတဲ့ အမှာစာ ပေးပို့ထားပါတယ်။
ယူကရိန်း စစ်ပွဲနဲ့ မပတ်သက်ဘဲ ယီမင် ပြည်တွင်းစစ်ကို အကြောင်းပြုပြီး ဆော်ဒီ အာရေးဘီးယားကလည်း အမေရိကန်ဆီက စစ်လက်နက်တွေ ဒေါ်လာ ၃ ဘီလီယံဖိုးလောက် ပြီးခဲ့တဲ့ နှစ်ထဲမှာ မှာယူခဲ့ပါသေးတယ်။
အမေရိကန်ရဲ့ F-16၊ F-22နဲ့ F-35 တိုက်လေယာဉ်တွေကို တာဝန်ယူ ထုတ်လုပ်ပေးနေတဲ့ Lockheed Martin ကုမ္ပဏီ ဆိုရင်လည်း ၂၀၂၂ ခုနှစ်၊ စတုတ္ထ သုံးလပတ်မှာ အမြတ် ၇.၁၃ ရာခိုင်နှုန်း ထိုးတက်ပြီး ဒေါ်လာ ၁၉ ဘီလီယံလောက် မြတ်စွန်းခဲ့ကြောင်း သိရပါတယ်။
Northrop Grumman ဆိုရင်လည်း F-35 တိုက်လေယာဉ်တွေရဲ့ ဆက်စပ် ပစ္စည်းတွေကို တိုးမြှင့် ရောင်းချရတဲ့အတွက် အမြတ် ၁၁.၈ ရာခိုင်နှုန်း တိုးတက်လာပြန်ပါတယ်။ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းမှာ အမေရိကန် အစိုးရက ယူကရိန်းအတွက် Patriot လေကြောင်း ကာကွယ်ရေး စနစ်တစ်ခု ဝယ်ယူ ထောက်ပံ့ဖို့ ဆုံးဖြတ်ခဲ့ခြင်းကလည်း Raytheon ကုမ္ပဏီရဲ့ စတုတ္ထ သုံးလပတ် ဝင်ငွေကို ၂၀၂၁ ခုနှစ်ကထက် ၁၈ ရာခိုင်နှုန်း တိုးပွားစေခဲ့ပါတယ်။
လောလောဆယ်မှာတော့ ယူကရိန်း အစိုးရဟာ အမေရိကန် အပါအဝင် အနောက်မဟာမိတ် နိုင်ငံတွေဆီက လက်နက်တွေ ပိုမို အရှိန်အဟုန်မြှင့် ထောက်ပံ့ပေးကြဖို့ ပန်ကြား တောင်းဆိုထားပြီး အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ကလည်း ယူကရိန်းရဲ့ ကာကွယ်ရေး ကဏ္ဍအတွက် ရေရှည် ပံ့ပိုးဖို့ စိတ်ပိုင်းဖြတ်ပြီးဖြစ်ကြောင်း ပြောကြားထားပါတယ်။