ဟားခါးမြို့မှာ စစ်သားနှစ်ဦးပစ်သတ်ခံရပြီးနောက် ပြည်သူတချို့အဖမ်းခံရ

ချင်းပြည်နယ် အစိုးရရုံးစိုက်ရာ ဟားခါးမြို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦး ပစ်သတ်ခံရပြီးနောက် စစ်တပ်က မြို့ခံ ပြည်သူတချို့ကို ဖမ်းဆီးထားသလို မြို့စွန်က အိမ်သုံးလုံးကိုလည်း ဖျက်ဆီးလိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဟားခါးမြို့အထွက် ကျောဘုတ်ရပ်ကွက်မှာ စစ်ဆေးရေးဂိတ်ဆီထမင်းပို့သွားတဲ့စစ်ကောင်စီစစ်သားနှစ်ဦးကို ဇန်နဝါရီ ၂၅ရက် မနေ့က မနက်ပိုင်းမှာ ပစ်ခတ်တိုက်ခိုက်လို့ စစ်သားနှစ်ဦးလုံးသေဆုံးပြီး သေနတ်တလက် သိမ်းဆည်းရမိခဲ့တယ်လို့ CDF – Hakha ကထုတ်ပြန်ထားပါတယ်။
အဲ့ဒီတိုက်ခိုက်မှုဖြစ်ပြီးနောက်စစ်တပ်က ဟားခါးမြို့စွန်က အိမ်ပိုင်ရှင်တွေရှိမနေဘူးလို့ ယူဆရတဲ့ နေအိမ် သုံးလုံး ကို ဘူဒိုဇာနဲ့ထိုးကာ ဖျက်ဆီးခဲ့သလို ပစ်ခတ်မှုဖြစ်ခဲ့တဲ့ ကျောဘုတ်ရပ်ကွက်က ဒေသခံ မိသားစု သုံးစု ကိုလည်း ဖမ်းဆီးသွားတယ်လို့ ဟားခါးမြို့ခံတဦးက DNA ကိုပြောပါတယ်။
ဖမ်းဆီးခံရသူတွေထဲ ကလေးတွေလည်း ပါဝင်နေတယ်လို့ဒေသခံမီဒီယာ တခုဖြစ်တဲ့ ချင်းဂျာနယ်က ဖော်ပြထား ပေမယ့် လူဘယ်နှဦးအဖမ်းခံရပြီး ကလေးဘယ်နှဦး ပါဝင်တယ်၊ ဘာကြောင့်ဖမ်းဆီးသွားတယ်ဆိုတာတွေကို မသိရသေးပါဘူး။
မနေ့က ပစ်ခတ်မှုဖြစ်အပြီးမှာ စစ်ကောင်စီတပ်သားတွေဟာ ကျောဘုတ်ရပ်ကွက်အောက်ပိုင်း မြို့အဝင်အ ထွက်လမ်းမှာ ကင်းတွေချပြီး လာသမျှလူတွေကို ဖမ်းဆီးရိုက်နက်စစ်ဆေးမှု တွေလုပ်ခဲ့ တယ်လို့လည်း သိရပါ တယ်။
ကျောဘုတ်စစ်ဆေးရေးဂိတ်ဟာ ဟားခါးမြို့ကနေ မတူပီမြို့ဖက်သို့သွားတဲ့ကားလမ်းပေါ်က ဂိတ်တစ်ခုဖြစ်ပြီး ဖြတ်သန်းသွားလာတဲ့ ပြည်သူတွေဆီကနေ ငွေကောက်ခံတာ၊ တချို့ပစ္စည်းတွေကို အဓမ္မသိမ်းယူတာတွေ ပြု လုပ်လေ့ရှိတဲ့ဂိတ်တခုဖြစ်တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
အခုလအတွင်းမှာပဲ ချင်းပြည်နယ်ဖလမ်းမြို့မှာ လုံခြုံရေးတာဝန်ကျ စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်တွေကို CNF က ပစ်ခတ်တိုက်ခိုက်တာကြောင့် ထိခိုက်သေဆုံးမှုတွေရှိခဲ့ပြီးနောက် ဒေသခံ သုံးဆယ်ဝန်းကျင် ဖမ်းဆီးခံခဲ့ရ ပါသေးတယ်။
Photo – CDF Hakha