နယူးဇီလန် ဝန်ကြီးချုပ်သစ်အဖြစ် ဟစ်ပ်ကင်စ် ကျမ်းသစ္စာကျိန်ဆို

ရာထူးက ရုတ်တရက် နုတ်ထွက်သွားတဲ့ ဂျက်ဆင်ဒါ အားဒန်ရဲ့ နယူးဇီလန် ဝန်ကြီးချုပ် နေရာကို ခရစ္စ ဟစ်ပ်ကင်စ်က တရားဝင် အစားထိုး ဆက်ခံလိုက်ပြီ ဖြစ်ပါတယ်။

 ဇန်နဝါရီ ၂၅ ရက်မှာ ရဲလုပ်ငန်းရေးရာ ဝန်ကြီး ဟစ်ပ်ကင်စ်ဟာ အာဏာရ လေဘာပါတီရဲ့ ခေါင်းဆောင် နေရာကို ဆက်ခံပြီး ဝန်ကြီးချုပ်သစ် အနေနဲ့ ကျမ်းသစ္စာ ကျိန်ဆိုခဲ့တာ ဖြစ်ပါတယ်။ အသက် ၄၄ နှစ်အရွယ် ဟစ်ပ်ကင်စ်ဟာ အားဒန် နုတ်ထွက်သွားချိန်မှာ ပါတီကိုယ်စားပြု ဝန်ကြီးချုပ် နေရာကို ဆက်ခံလိုကြောင်း အဆိုပြုခဲ့တဲ့ တစ်ဦးတည်းသော ပုဂ္ဂိုလ် ဖြစ်ပါတယ်။

 အသက် ၄၂ နှစ်အရွယ် အားဒန်ဟာ နိုင်ငံကို ဆက်ဦးဆောင်ဖို့ လုံလောက်တဲ့ ခွန်အားတွေ မရှိတော့ဘူးလို့ အကြောင်းပြပြီး ရာထူးက နုတ်ထွက်မယ်လို့ ရုတ်တရက် ကြေညာခဲ့ပါတယ်။ အားဒန်ရဲ့ ဆုံးဖြတ်ချက်ဟာ တစ်နိုင်ငံလုံးအတွက် အံ့ဩစရာ ဖြစ်လာစေခဲ့ပါတယ်။

 နယူးဇီလန်ဟာ အခုနှစ်ကုန်ပိုင်းမှာ ရွေးကောက်ပွဲ ကျင်းပဖို့ ရှိနေပြီး အဲဒီ အချိန်ထိ ဟစ်ပ်ကင်စ်က ဝန်ကြီးချုပ် အနေနဲ့ တာဝန်ယူသွားမှာပါ။ ဟစ်ပ်ကင်စ်က ဝန်ကြီးချုပ် အနေနဲ့ ကျမ်းမကျိန်ခင်မှာ အားဒန်ဟာ လွှတ်တော်မှာ သူ့ကို လာရောက် စောင့်ကြို နှုတ်ဆက်နေသူ ရာဂဏန်းလောက်နဲ့ တွေ့ဆုံပြီး တစ်ဦးချင်းစီကို ပွေ့ဖက်ခဲ့ပါတယ်။

 အဲဒီနောက် အားဒန်ဟာ အစိုးရ အိမ်တော်ဆီ သွားရောက်ပြီး ဝန်ကြီးချုပ် ရာထူးက နုတ်ထွက်စာကို ဗြိတိန်ဘုရင် ချားလ်စ်ရဲ့ ကိုယ်စားလှယ် စင်ဒီကီရိုဆီ ပေးအပ်ခဲ့ပါတယ်။ ဓနဿဟာယ အဖွဲ့ဝင် နိုင်ငံတစ်ခုဖြစ်တဲ့ နယူးဇီလန်ဟာ ဗြိတိန်ရဲ့ ထီးဆောင်းမင်းကို နိုင်ငံဦးသျှောင်အဖြစ် သတ်မှတ်ထားပါတယ်။

 အားဒန် နုတ်ထွက်ပြီး မကြာခင်မှာပဲ ဟစ်ပ်ကင်စ်နဲ့ သူက ဒုတိယ ဝန်ကြီးချုပ်နေရာ ရွေးချယ်ထားသူ ကာမယ်လ် ဆီပူလိုနီတို့ဟာ ရာထူးသစ်အတွက် အသီးသီး ကျမ်းသစ္စာ ကျိန်ဆိုခဲ့ကြပါတယ်။ အဲဒီ အခမ်းအနားက မိနစ်ပိုင်းလောက်ပဲ ကြာခဲ့ပါတယ်။

 အခုအခါမှာတော့ ဟစ်ပ်ကင်စ်ဟာ လာမယ့် အောက်တိုဘာလ ရွေးကောက်ပွဲမှာ လေဘာပါတီ အခြေအနေ ကောင်းမွန်နိုင်ရေးအတွက် အဓိက ဦးဆောင် ရုန်းကန်ရတော့မှာပါ။ လေဘာပါတီဟာ အာဒန်း ဦးဆောင်နေတဲ့ အစောပိုင်း ကာလတွေမှာ ပြည်သူလူထု ထောက်ခံမှုကို ခိုင်ခိုင်မာမာ ရရှိခဲ့ပေမယ့် ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း လူကြိုက်နည်းလာတဲ့ ပြဿနာနဲ့ ရင်ဆိုင်နေရပြီး အတိုက်အခံ အမျိုးသားပါတီအပေါ် ထောက်ခံနှုန်း မြင့်တက်လာနေကြောင်း သိရပါတယ်။