ကရင်ပြည်နယ်၊ကော့ကရိတ်မြို့နယ်အတွင်း စစ်ကောင်စီနဲ့ တော်လှန်ရေး တပ်ဖွဲ့တွေကြား တိုက်ပွဲဆက်လက် ပြင်းထန်နေပြီး ဒီကနေ့ ဇန်နဝါရီ (၂၅)ရက်ညပိုင်းမှာလည်း လက်နက်ကြီးတွေ ဆက်တိုက်ပစ်ခတ်နေသလို လေ ယာဉ်သံတွေလည်း ကြားနေရတယ်လို့ ဒေသခံတွေဆီကကသိရပါတယ်။
“အခုလက်ရှိအချိန်ထိ လေယာဉ်ပျံတွေ လာနေတုန်းပဲ၊ တစ်ခါလာရင် တစ်စီးပဲ ဒီနေ့ မွန်းလွဲပိုင်းအထိတော့ လေ ယာဉ်နဲ့ ပစ်နေတာရှိတယ်၊ အခုဖုန်းပြောနေတဲ့အချိန် ည ၈ နာရီခွဲအထိကို ပစ်နေတုန်းပဲ၊ အခုညပစ်တာက လေ ယာဉ်နဲ့မဟုတ်ဘူး၊ လက်နက်ကြီးနဲ့ အပြန်အလှန်ပစ်နေတာပဲ၊ ဘယ်သူကမှ သွားမကြည့်ရဲကြဘူး”လို့ ကော့ဘိန်း ဒေသခံတဦးက ပြောပါတယ်။
ကော့ကရိတ်မြို့နယ် ကျုံဒိုးမြို့အနီးတဝိုက်က ကမ်းနီ၊မိဂလုံ၊ကော့ဘိန်းစတဲ့ ရွာတွေအနီးမှာ စစ်ကောင်စီနဲ့ ကော် သူးလေတပ်မတော်က ဗိုလ်အယ်စေးဝါးဦးဆောင်တဲ့ Lion Battalion Commando စစ်ကြောင်းတို့ ဇန်နဝါရီ(၂၀) ရက်ကတည်းက တိုက်ပွဲတွေစဖြစ်နေတာပါ။
“အခုဖြစ်နေတာက ကမ်းနီဘက်မှာပဲ ပစ်နေကြတာ၊ အဲရွာကလူတွေလည်း ပြေးကုန်ကြပြီ၊အခုကျွန်မတို့ ကော့ ဘိန်းမှာနဲ့အဲဒီအနီးအနားက ရွာတွေကလည်း ထွက်ပြေးတဲ့သူကထွက်၊ ကျန်တဲ့သူတွေကတော့ လုံခြုံတဲ့နေရာမှာပဲ လေယာဉ်အသံကို နားထောင်ပြီးပြီ ပြေးသင့်ရင် ပြေးဖို့ စီစဉ်နေကြတယ်”လို့ ကော့ဘိန်းရွာ ဒေသခံကပြော ပါ တယ်။
ဒီကနေ့အထိ ငါးရက်ကြာ တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က လေးဆယ်ထက်မနည်းသေဆုံးထားပြီး အထိ နာနေတာကြောင့် ကမ်းနီ၊မိဂလုံနဲ့ကော့ဘိန်းရွာတွေဘက်ကို စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ် ခတ် နေ တာကြောင့် လူနေအိမ်တွေ ထိခိုက်ပျက်စီးနေသလို ဒေသခံတွေလည်း တိမ်းရှောင်နေကြရတယ်လို့ Lion Battalion Commando ဗျူဟာစစ်ကြောင်းကလည်း ထုတ်ပြန်ထားပါတယ်။
ဒီကနေ့ညပိုင်းအထိ နှစ်ဘက်တပ်တွေတိုက်ပွဲဖြစ်ထန်နေတဲ့ အဲ့ဒီဒေသဟာ မွန်ပြည်သစ်ပါတီသထုံခရိုင်ဌာနချုပ် ထိန်းချုပ်နယ်မြေထဲပါဝင်ပြီး မွန်နဲ့ကရင်တိုင်းရင်းသားတွေအများဆုံးနေထိုင်ကြတဲ့ ဒေသဖြစ်ပြီး မွန်ပြည်သစ်ပါ တီဘက်ကတော့ အဲ့ဒီတိုက်ပွဲတွေနဲ့ ပတ်သက်လို့ နှုတ်ဆိတ်နေပါတယ်။
ဒါပေမယ့် ဒေသခံ မွန်ပြည်သူတွေရဲ့ နေအိမ်တွေပါ ထိခိုက်ပျက်စီးမှုတွေရှိနေတာကြောင့် မွန်ပြည်သစ်ပါတီ တာဝန်ရှိသူတွေအနေနဲ့လည်း သက်ဆိုင်ရာ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးညှိုနှိုင်းမှုတွေလုပ်နေ တာရှိတယ်လို့ မွန်ပြည်သစ်ပါတီ သထုံခရိုင်ဌာနချုပ်နဲ့ နီးစပ်သူတဦးက DNA ကိုပြောပါတယ်။
“အခုမွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေထဲမှာ ဖြစ်လာပြီးဆိုတော့ သူတို့(မွန်ပြည်သစ်ပါတီ)ဘက်ကတော့ လှုပ်လှုပ်ခတ်ခတ်ရှိလာ တာပေါ့၊ ဒီဘက်မှာလည်း ခရိုင်ဌာနချုပ်ထဲမှာလည်း စစ်ရေးအသင့်အားလုံးပြင် ဆင်ထား တယ်လို့ သိထားတယ်”လို့ သူကပြောပါတယ်။
မွန်ပြည်သစ်ပါတီက စစ်အာဏာသိမ်းပြီးနောက် အထိအခိုက်ကင်းတဲ့ တွေ့ဆုံဆွေးနွေးရေးလမ်းစဉ်ကို ရွေးချယ် ထားပေမယ့် လက်ရှိအခြေအနေနဲ့ပတ်သက်ပြီး မွန်ပြည်သစ်ပါတီအနေနဲ့ မွန်ပြည်သူလူထုတွေအပါအဝင် တ ခြားတိုင်းရင်းသား လူမျိုးစုတွေနဲ့တန်းတူ ရပ်တည်ဖို့ မွန်လူထုကြား တိုက်တွန်းပြောဆိုမှုတွေ ရှိနေပါတယ်။
မွန်ပြည်သစ်ပါတီဟာ NLD အစိုးရလက်ထက်မှာ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူ စာချုပ် (NCA) လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တခုဖြစ်ပြီး စစ်တပ်အာဏာသိမ်းပြီးနောက် အာဏာသိမ်းစစ်ခေါင်းဆောင် ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာလည်း သုံးကြိမ်တက်ရောက်ဆွေးနွေးထားပါတယ်။