အီရန်ကို ဦးတည်ပြီး အင်အားပြတဲ့ စစ်ရေးလေ့ကျင့်မှု အစီအစဉ်ကြီး တစ်ခုကို အမေရိကန်နဲ့ အစ္စရေးတို့ ပူးပေါင်းပြီး စတင်နေပြီ ဖြစ်ပါတယ်။
ဇန်နဝါရီ ၂၃ ရက်က စတင်ပြီး တစ်ပတ်နီးပါး ကြာမြင့်မယ့် စစ်ရေး လေ့ကျင့်မှုကို Juniper Oakလို့ နာမည်ပေးထားပါတယ်။ လေတပ်ချင်း ပူးပေါင်း စစ်ဆင်မှုကို အဓိက အသားပေးထားပြီး စုစုပေါင်း လေယာဉ် ၁၄၂ စီး ပါဝင် ပျံသန်းမယ့် အစီအစဉ်ဟာ လက်ရှိ အချိန်ထိ အစ္စရေးနဲ့ အမေရိကန်တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ဖူးသမျှထဲမှာ အထင်ကရ အဖြစ်ဆုံး ပူးပေါင်း လေ့ကျင့်မှုတစ်ခု ဖြစ်လာမယ်လို့ အစ္စရေး ကာကွယ်ရေး ဝန်ကြီးဌာနက ကြွေးကြော်ထားပါတယ်။
နောက်ပြီး အစ္စရေး မီဒီယာ တချို့ကလည်း အဲဒီ လေ့ကျင့်မှုဟာ အီရန် နျူကလီးယား စက်ရုံတွေကို ပစ်မှတ်ထား တိုက်ခိုက်ဖို့ ရည်ရွယ်ထားတာလို့ ဖော်ပြကြပါတယ်။
စစ်ရေးလေ့ကျင့်မှုအတွက် အမေရိကန် စစ်သည် ၆၄၀၀ လောက်နဲ့ အစ္စရေး တပ်ဖွဲ့ဝင် ၁၁၀၀ ဝန်းကျင်လောက် ပူးပေါင်း ပါဝင်ထားကြပါတယ်။ B-52 မဟာဗျူဟာ ဗုံးကြဲ လေယာဉ်ကြီး ၄ စီး၊ F-35 တိုက်လေယာဉ် ၄ စီး၊ F/A-18 Hornet တိုက်လေယာဉ် ၄၅ စီး၊ MQ-9 Reaper ဒရုန်း ၂ စီး အပါအဝင် အမေရိကန် လေတပ်ရဲ့ လေယာဉ် စုစုပေါင်း အစီး ၁၀၀ လောက်က အဲဒီ လေ့ကျင့်မှုမှာ ပါဝင်ကြမှာပါ။ ဒါ့အပြင် အမေရိကန် လေယာဉ်တင် သင်္ဘောတစ်စီး ဦးဆောင်တဲ့ တိုက်ရေယာဉ် အုပ်စုက ရေယာဉ် ၆ စီးနဲ့ အစ္စရေးရေတပ် သင်္ဘော ၆ စီးတို့လည်း ပူးပေါင်း ချိတ်ဆက်ထားပါတယ်။
အမေရိကန် စစ်ဦးစီး အရာရှိ မိုက်ကယ် ကူရီလာက လေတပ် စစ်ရေးလေ့ကျင့်မှုလို့ နာမည်တပ်ထားပေမယ့် Juniper Oakဟာ ကြည်း၊ ရေ၊ လေ၊ အာကာသနဲ့ ဆိုက်ဘာ စစ်ဆင်ရေး အားလုံးကို ချိတ်ဆက် လုပ်ဆောင်ဖို့ ရည်ရွယ်ထားကြောင်း၊ ဒါဟာ အရှေ့အလယ်ပိုင်း ဒေသ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ရင် အမေရိကန်က မမှိတ်မသုန် အာရုံစိုက်ထားဆဲ ဆိုတာကို ပြသတဲ့ အကောင်းဆုံး သက်သေ တစ်ခုလည်းဖြစ်ကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။
အခု စစ်ရေးလေ့ကျင့်မှုမှာ တကယ့် ခဲယမ်းမီးကျောက် အစစ် ပေါင်ချိန် ၁၈၀၀၀၀ လောက်ထိကိုပါ သုံးစွဲဖို့ လျာထားပါတယ်။ ဒီလို လေ့ကျင့်မှုမျိုးကို အကောင်အထည်ဖော်ဖို့ ပုံမှန်ဆိုရင် တစ်နှစ်ဝန်းကျင်လောက် အချိန်ယူရပေမယ့် အခုအစီအစဉ်ကိုတော့ လပိုင်းလောက် ပြင်ဆင်မှုတွေနဲ့တင် အစပြုခဲ့တာလို့ ဆိုပါတယ်။
အီရန်ဟာ လက်ရှိ အခြေအနေအရ အရှေ့အလယ်ပိုင်း ဒေသမှာ အစ္စရေး အပါအဝင် အမေရိကန်ရဲ့ မဟာမိတ် နိုင်ငံအားလုံးအတွက် အဓိက အကျဆုံး ခြိမ်းခြောက်မှုအဖြစ် ရပ်တည်နေပါတယ်။