မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အင်္ဂလန် ပရီးမီးယားလိဂ် ဘောလုံးကလပ်တွေထဲမှာ တန်ဖိုးအမြင့်ဆုံးဆိုတဲ့ ဂုဏ်ပုဒ်ကို ဆက်လက် ထိန်းသိမ်းထားဆဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နှစ်ပိုင်းတွေမှာ ကြီးကြီးမားမား အောင်မြင်မှုတွေ မရခဲ့တဲ့တိုင် အသင်းရဲ့ အစဉ်အလာ၊ အမှတ်တံဆိပ်တန်ဖိုး၊ ပုံရိပ်၊ ဝင်ငွေ၊ ပရိသတ် အားပေးမှုစတဲ့ ကဏ္ဍတွေမှာ ယူနိုက်တက်ဟာ ယှဉ်ဖို့ခက်တဲ့ အင်အားစု တစ်ခုအဖြစ် ဆက်ပြီး ရပ်တည်နေဆဲ ဖြစ်ပါတယ်။
Sporticoရဲ့ လေ့လာမှုအရ ယူနိုက်တက်ရဲ့ စျေးကွက်တန်ဖိုးဟာ စတာလင်ပေါင် ၄.၈ ဘီလီယံလောက် ရှိနေပြီး ဒုတိယ လိုက်နေတဲ့ လီဗာပူးလ်ထက်ကို စတာလင်ပေါင် ၁ ဘီလီယံလောက် ပိုများနေဆဲလို့ သိရပါတယ်။ ယူနိုက်တက်ရဲ့ တန်ဖိုးဟာ ပြီးခဲ့တဲ့ ၂ နှစ်တာ ကာလအတွင်း ၂၈ ရာခိုင်နှုန်း တက်ရိပ် ပြလာခဲ့တာကြောင့် ထိပ်ဆုံးနေရာမှာ မြဲနေခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ ကလပ်အသင်း တစ်ခုချင်းစီရဲ့ တန်ဖိုးမြင့်မှု ရာခိုင်နှုန်း အမြင့်ဆုံးကတော့ နယူးကာဆယ် ယူနိုက်တက်ဖြစ်ပြီး ၂၀၂၁ ကနေ ၂၀၂၃ ခုနှစ်အတွင်း ၆၃ ရာခိုင်နှုန်း ခုန်တက်လာတာကြောင့် လက်ရှိတန်ဖိုး စတာလင်ပေါင် ၃၅၇ သန်းကို ရောက်ရှိလာခဲ့ပါတယ်။
ပရီးမီးယားလိဂ်ရဲ့ တန်ဖိုးအမြင့်ဆုံး ကလပ်တွေထဲမှာ လီဗာပူးလ်နဲ့ မန်ချက်စတာ စီးတီးတို့က စတာလင်ပေါင် ၃.၈ ဘီလီယံနဲ့ ၃.၅ ဘီလီယံ အသီးသီး ရှိကြတာကြောင့် ဒုတိယနဲ့ တတိယ နေရာတွေမှာ အစဉ်လိုက် ရပ်တည်နေပါတယ်။ လက်ရှိ အမှတ်ပေးဇယား ဦးဆောင်နေသူ အာဆင်နယ် အသင်းကတော့ တန်ဖိုး စတာလင်ပေါင် ၂.၉ ဘီလီယံနဲ့ စတုတ္ထနေရာကို ရောက်နေပြီး သူတို့နောက်မှာ မြို့ခံပြိုင်ဘက် ချဲလ်ဆီးက စတာလင်ပေါင် ၂.၈ ဘီလီယံ တန်ဖိုး သတ်မှတ်ချက်နဲ့ ကပ်လိုက်နေပါတယ်။
လက်ရှိ အခြေအနေမှာတော့ ယူနိုက်တက်ကို ပိုင်ဆိုင်ထားတဲ့ အမေရိကန် သူဌေးတွေဖြစ်တဲ့ ဂလေဇာ မိသားစုဟာ အသင်းကို အလုံးစုံ ရောင်းချဖို့ စီစဉ်နေပြီလို့လည်း သိရပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ ခေါ်စျေး စတာလင်ပေါင် ၆ ဘီလီယံ သတ်မှတ်ချက်ဟာ ဝယ်လက်တွေကို တွန့်ဆုတ်နေစေပါတယ်။ ယူနိုက်တက် ပရိသတ်တွေဟာ ဂလေဇာတွေအပေါ် လုံးဝ လိုလားမှု မရှိဘဲ အသင်းရဲ့ ဓနအင်အားအပေါ် အမြတ်ထုတ်နေသူတွေလို့ အပြင်းအထန် ဝေဖန် စွပ်စွဲထားကြပါတယ်။