ပြည်သူတွေရဲ့ အသက်အိုးအိမ်တွေကိုကာကွယ်နိုင်ဖို့အတွက် စစ်ကောင်စီကို လေယာဉ်ဆီ ကန့်သတ်ပိတ်ဆို့ အ ရေးယူဖို့ မဖြစ်မနေလိုအပ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီကနေ့ ဇန်နဝါရီ (၂၃) ရက်မှာထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။
နိုင်ငံတကာ ပိတ်ဆို့အရေးယူရေးအဖွဲ့တွေအနေနဲ့ စစ်ကောင်စီအတွက် လေယာဉ်ဆီ ဝယ်ယူရရှိနေမှုကို ထိထိ ရောက် ရောက်တားဆီးပိတ်ပင်နိုင်ရေး မဖြစ်မနေဆောင်ရွက်ပေးသင့်တယ်လို့ NUG နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အကြမ်းဖက်စစ်အုပ်စုဟာ ပြည်သူတွေကို ဦးတည်ချက်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ မြန်မာပြည်အနှံ့ အ ပြားမှာ ကျူးလွန်နေပြီး စစ်လေယာဉ်မှူးတွေနဲ့သူတို့ကို ညွှန်ကြား စေခိုင်းတဲ့စစ်အရာရှိတွေဟာ စာသင်ကျောင်း တွေ၊ ဆေးရုံတွေကို ကြောင်းကျိုးဆီလျော်မှုမရှိတိုက်ခိုက်ပြီး စစ် ရာဇဝတ်မှုကျူးလွန်နေကြတယ်လို့ဆိုပါတယ်။
အခုလအတွင်းမှာ စစ်ကောင်စီဟာ ကျေးရွာတွေအပေါ်လေကြောင်းကနေ ဗုံးကျဲတိုက်ခိုက်မှုတွေ ဆက်တိုက် လုပ်နေတာပါ။ မြိုင်နယ်က ဆေးရုံတရုံအပါအဝင်၊ကသာ၊ ကောလင်း၊ဆားလင်းကြီး၊ ထန်တလန်၊ မင်းတပ်မြို့ နယ်တွေက ကျေးရွာတွေကိုလေကြောင်းကနေ တိုက်ခိုက်ခဲ့သလို CNA ဌာနချုပ်ကိုလည်း နှစ်ရက်ဆက် ဗုံးကျဲ တိုက်ခိုက်ခဲ့ပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မူကြောင့် ပြည်သူတွေသေဆုံးထိခိုက်ဒဏ်ရာရခဲ့ပြီး ဆေးရုံ၊ဆေးခန်း၊ နေအိမ်တွေ၊စစ်ရှောင်စခန်းတွေနဲ့ ဘာသာရေးအဆောက်အအုံ၊စာသင်ကျောင်းတွေပျက်စီးခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ကလည်း စစ်ကောင်စီဟာ လေကြောင်းတိုက်ခိုက်မှုအများအပြား လုပ်ခဲ့ပြီး ဒီပဲယင်း၊ လက် ယက် ကုန်းရွာ တိုက်ခိုက်မှုနဲ့ ဖားကန့် အနန့်ပါ တိုက်ခိုက်မှုတွေဟာ လူသိများ၊အထိအခိုက်များတဲ့လေကြောင်း တိုက်ခိုက်မှုတွေဖြစ်ခဲ့ပါတယ်။
အကြမ်းဖက်စစ်အုပ်စု အနေနဲ့ ပြည်သူလူထုနဲ့ ပြည်သူပိုင် အဆောက်အအုံတွေ (ပညာရေး၊ကျန်းမာရေး၊ လျှပ်စစ် ဓာတ်အားဖြန့်ချိရေးဆိုင်ရာ အဆောက်အအုံတွေနဲ့ ဆက်စပ် အဆောက်အအုံတွေ)၊ စီးပွားရေးနဲ့ အများပြည်သူပိုင် အဆောက် အအုံတွေ အပေါ် ကျူးလွန်နေတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ ချက်ခြင်းရပ်တန့်ဖို့ ကုလသမဂ္ဂလုံခြုံ ရေးကောင်စီ ရဲ့ ဆုံးဖြတ်ချက် အမှတ် (၂၆၆၉) မှာထည့်သွင်းထားတယ်လို့ NUG က ထောက်ပြပါတယ်။
အဲ့ဒီဆုံးဖြတ်ချက်ကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာမှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီကထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ စစ် အုပ်စုရဲ့ စစ်လေယာဉ်ဆီဝယ်ယူရရှိနေမှုကို တားဆီးပိတ်ပင်နိုင်ဖို့ ထိရောက်တဲ့ အရေးယူပိတ်ဆို့မှုတွေ မဖြစ်မနေ ပြုလုပ်ဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင် နိုင်ငံတွေနှင့် နိုင်ငံတကာ ပိတ်ဆို့အရေးယူရေးအဖွဲ့တွေကို အမျိုး သား ညီညွတ်ရေးအစိုးရက မြန်မာပြည်သူတွေကိုယ်စား တောင်းဆိုတယ်လို့ ထုတ်ပြန်ထားပါတယ်။
“အဆိုပါအရေးယူမှုသည် မြန်မာပြည်သူလူထု၏ ထောင်ပေါင်းများစွာသော အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ် ပေးနိုင်လိမ့်မည် ဖြစ်ပါသည်” လို့လည်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ အကြမ်းဖက်စစ်အုပ်စုရဲ့ ပြည်သူ လူထုအပေါ် သွေးချောင်းစီးတဲ့ အကြမ်းဖက်လုပ်ရပ်တွေ ဆက်လက် လုပ်ဆောင်နိုင်နေစေတဲ့ အရင်းအမြစ်တွေကို မဖြစ်မနေ ဖြတ်တောက် အရေးယူရမှာဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်ကဆိုပါတယ်။