ပြည်သူကိုအကြမ်းဖက် ဖိနှိပ်နေတဲ့ စစ်အုပ်စုနဲ့ အတူမရပ်တည်ခဲ့တဲတရုတ်ပြည်သူ့သမ္မတနိုင်ငံကို အမြဲအမှတ်ရနေမယ်လို့ ဒီကနေ့ ဇန်နဝါရီ ၂၂ ရက်နေ့တရုတ်နှစ်သစ်ကူးမှာ တရုတ်နိုင်ငံအစိုးရကိုပေးပို့တဲ့ NUG ရဲ့ နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်ရဲ့ သဝဏ်လွှာမှာ ဖော်ပြထားတာကိုတွေ့ရပါတယ်။
မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူတွေ ပြည်သူ့အာဏာ ပြည်သူ့ထံပြန်လည်အပ်နှံ့နိုင်ရေး အတွက် ရပ်တည်ခဲ့မှု၊ အထူးသဖြင့် ကုလသမဂ္ဂ နဲ့ လုံခြုံရေးကောင်စီမျက်နှာစာ တို့မှာထောက်ခံ ကူညီပေးနေတဲ့အတွက် အထူးပင်ကျေးဇူးတင်ရှိအပ်တယ်လို့ သဝဏ်လွှာမှာရေးသားထားပါတယ်။
” မြန်မာပြည်သူများနှင့် အမျိုးသားညီညွတ်ရေးအစိုးရတို့ လက်ရှိဆင်နွှဲနေသည့် တော်လှန်ရေး၏ အောင်မြင်မှု အသီးအပွင့်များသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အကျိုးစီးပွါးအပါအဝင် ဒေသတွင်းနိုင်ငံများ၏ အကျိုးစီးပွါးနှင့် ရေရှည် တည်ငြိမ်ဖွံ့ဖြိုးတိုးတက်ရေး အတွက် မည်သည့် နည်းနဲ့မှ မထိခိုက်မှုရှိစေလိမ့်မည် မဟုတ်ဘဲ ပိုမိုအကျိုးရှိစေလိမ့်မည်သာဖြစ်ကြောင်း မိမိ တို့ ယုံကြည်စွာအာမခံနိုင်ပါ သည်” လို့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလ၂၁ ရက်နေ့မှာကျင်းပခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားအားလုံးကိုလွတ်ပေးပြီး လူသားချင်းစာနာမူအထောက်အကူတွေပေးဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီက မဲခွဲဆုံးဖြတ်တာမှာ တရုတ်နိုင်ငံဟာ ကြားနေနိုင်ငံအဖြစ်ရပ်တည်ခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် ၂၀၂၂ ခုနှစ် ပုဂံမှာကျင်းပခဲ့တဲ့ လန်ချန်း – မဲခေါင်အစည်းအဝေးကို တရုတ်နိုင်ငံခြားရေးဝန်ကြီးတက်ရောက်ခဲ့ပေမယ့် နောက်တကြိမ်ကျင်းပမယ့် လန်ချန်း – မဲခေါင်အစည်းအဝေးကို စစ်ကောင်စီက ဖိတ်ကြားခဲ့ပေမယ့် တရုတ်ဘက်က အကြောင်းမပြန်ခဲ့ပါဘူး။
တရုတ်အစိုးရဟာ ကမ္ဘာ့အကြမ်းဖက် သမားတဦးဖြစ်သူ မင်းအောင်လှိုင်နဲ့ အတူရှိနေတဲ့ ပုံတွေကို ကမ္ဘာ့သတင်းမှာဖော်ပြခံမှာမဟုတ်ဘူးလို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ပြောဆိုကြပါတယ်။
နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ရဲ့သဝဏ်လွှာထဲမှာကုန်လွန်ခဲ့တဲ့ (၂၀၂၂) ခုနှစ်ကာလဟာ တရုတ်ပြည်သူ၊ တရုတ်ကွန်မြူနစ် ပါတီနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတော် တို့ အတွက် အောင်မြင်မှု အသီးအပွင့်များ စွာ ရရှိခဲ့သည့် ကာလတခုဖြစ်တယ်ဖော်ပြထားပြီး
အကြိမ် ၂၀ မြောက် တရုတ်ကွန်မြူနစ် ပါတီ ကွန်ဂရက်ကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့မူ၊ဒေသတွင်း ကိစ္စရပ်တွေမှာ တရုတ်နိုင်ငံရဲ့ အရေးပါမှုကို ပြသနိုင်ခဲ့တာတွေအတွက် အမျိုးသားညီညွတ်ရေးအစိုးရအနေနှင့် များစွာဂုဏ်ယူမိတယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် တရုတ်သမ္မတ Xi Jinping ရဲ့ တတိယသက်တမ်း ထမ်းဆောင်ခွင့် ရရှိမှုနဲ့ အဆွေတော် Mr. Qin Gang ရဲ့ နိုင်ငံခြားရေးဝန်ကြီးအဖြစ် ရွေးချယ်ခံခဲ့ရမှုကို မိမိတို့ အနေနှင့် လှိုက်လှဲစွာကြိုဆိုတယ်လို့လည်း ဖော်ပြထားပါတယ်။