မကွေးတိုင်း၊ဂန့်ဂေါမြို့နယ်မြောက်ပိုင်းဒေသကျေးရွာတွေမှာ ရာသီဥတုအေးခဲမှုနဲ့ ဆေးဝါးကုသခွင့်မရ တာ တွေကြောင့်လက်ရှိဇန်နဝါရီလ တလမပြည့်မီကာလအတွင်း သက်ကြီးရွယ်အိုဆယ်ဦးထက်မနည်း သေဆုံးခဲ့ တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
” ထိုင်နေရင်းနဲ့ကိုသေသွားကြတာမျိုးတွေလည်းများတယ်၊ဒီတပတ်ထဲမှာကို နှမ်းခါးမှာနှစ်ယောက်၊ ရေရှင်မရွာ ရော၊ အရှေ့ဘက်တန်းတွေဆိုပိုဆိုးတာပ” လို့ နှမ်းခါးလူငယ်အဖွဲ့ခေါင်းဆောင်ကိုနွေဦးကပြောပါတယ်။
သက်ကြီးရွယ်အိုတွေသေဆုံးရတာဟာ ရာသီဥတုအေးတာအပြင် ကျန်းမာရေးအတွက် ဆေးခန်းပြလို့မရတာ ၊စစ်ရှောင်ဒေသတွေမှာ ကုသပေးမယ့် ဆရာဝန်ရှားပါးတာတွေက အဓိကပြသနာဖြစ်တယ်လို့ ဆိုပါတယ်။
“ဂန့်ဂေါစစ်ဆေးရေးဂိတ်က တအားတင်းကျပ်စစ်ဆေးပြီး ရစ်တာတွေ၊ရိုင်းတာတွေ ဆိုတော့ နေမကောင်း လည်းဆေးခန်းပြဂန့်ဂေါကိုမသွားချင်ကြဘူးဗျ၊ မသွားကြတဲ့သူတွေကြီးပါပဲ၊ သွားတဲ့လူကတော်တော့ ကိုနည်းပါတယ်” လို့ သက်ကြီးရွယ်အိုဆွေမျိုးတဦးဆုံးရှုံးခဲ့ရတဲ့ မြစ်သာအရှေ့ဘက်ကမ်းကဒေသခံတ ဦး ကပြောပါတယ်။
ဂန့်ဂေါမြို့အဝင် ခ.လ.ရ (၅၀)စစ်ဆေးရေးဂိတ်ဟာ နာမည်ဆိုးနဲ့ကျော်ကြားနေတဲ့ ဂိတ်ဖြစ်ပြီး ကားပေါ် ပါလာတဲ့ပြည်သူတွေကို စစ်ဆေးရာမှာ ဆဲဆိုရိုက်နှက်တာ၊ မိုးတောထဲရပ်ခိုင်းထားတာ၊ ဆောင်းရာသီ မနက်စောစောမှာ အင်္ကျီချွတ်ခိုင်းတာမျိုးတွေ လုပ်ခိုင်းလေ့ရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။
လက်ရှိဆောင်းကာလ ရာသီဥတုအေးခဲနေသလို ပြီးခဲ့တဲ့နှစ်အတွင်း စစ်ကောင်စီကကျေးရွာတွေကို မီးရှို့ဖျက် ဆီးခဲ့တာတွေကြောင့် အကာအရံကောင်းကောင်းမရှိတော့တာကြောင့် ဒေသတွင်း အအေးဓာတ်ပိုလာပြီး သက်ကြီးရွယ်အိုတွေသေဆုံးမှုနှုန်းမြင့်တက်လာတာဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
လက်ရှိမှာ ဂန့်ဂေါဒေသခံတွေ၊စစ်ရှောင်တွေအနေနဲ့ ကျန်းမာရေးအတွက် အိမ်သုံးဆေးဝါးတချို့နဲ့ သားဖွားသင်တန်းဆင်းပြီးသားသူတချို့ကိုသာ အားထားနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။
စစ်အာဏာသိမ်းပြီးကတည်းက ဂန့်ဂေါမြို့နယ်က နေအိမ်ရှစ်ရာနီးပါးကို စစ်ကောင်စီကမီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူငါးထောင်ဝန်းကျင်ဟာ အခုချိန်ထိ ယာယီတဲတွေမှာ စစ်ဘေးရှောင်နေကြရဆဲဖြစ်ပါတယ်။